ကချင်ပြည်နယ်အတွင်းရှိ တောင်သူများအား ဆောင်းရာသီစိုက်ပျိုးစရိတ်ချေးငွေ ကျပ်သိန်းပေါင်း (၂၅၀၀၀) ကျော် ထုတ်ချေးပေးသွားမည်

မြစ်ကြီးနား အောက်တိုဘာ ၁၃

နိုင်ငံ‌တော်အစိုးရနှင့် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၏ မူဝါဒ၊ လမ်းညွှန်ချက်များနှင့်အညီ မြန်မာ့ လယ်ယာဖွံ့ဖြိုးရေးဘဏ်သည် မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ တောင်သူများ စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူများ၏ စိုက်ပျိုးရေးနှင့်မွေးမြူရေးဆိုင်ရာအရင်း အနှီးများရရှိစေရေးအတွက် နှစ်စဉ်ရာသီအလိုက် ထုတ်ချေးပေးလျက်ရှိရာ မြစ်ကြီးနားခရိုင် ဘဏ်ခွဲ၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်တွင် မြစ်ကြီးနားမြို့နယ် ရှဒေါင်ကျေးရွာ၊ ပမ္မတီး ရပ်ကွက်နှင့် ဆင်ဘိုမြို့ အောင်ချမ်းသာရပ်ကွက်မှ တောင်သူများအား အောက်တိုဘာလ ၁၃ ရက်နေ့တွင် ဆောင်းရာသီစိုက်ပျိုးစရိတ်ချေးငွေ ကျပ်သိန်းပေါင်း (၄၀၀၀) ခန့် ထုတ်ချေးပေးသွားမည်ဖြစ် ကြောင်း မြစ်ကြီးနားခရိုင် ဘဏ်ခွဲ၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ သိရသည်။

အဆိုပါ စိုက်ပျိုးစရိတ်ချေးငွေများကို တောင်သူများ၏ လူမှု၊စီးပွား၊ဘဝ တိုးတက်မြင့်မားစေရေးအတွက် နွေးစပါး/မိုးစပါးစိုက်ပျိုးစရိတ် တစ်ဧကလျှင် (၁၅၀၀၀၀) ကျပ်နှင့် အခြားသီးနှံ စိုက်ပျိုးစရိတ် တစ်ဧကလျှင် (၁၀၀၀၀၀) ကျပ်နှုန်းဖြင့် တစ်ဦးလျှင် (၁) ဧကမှ (၁၀) ဧကအထိ စိုက်ပျိုးစရိတ်ထုတ်ချေးနိုင်ပြီး အတိုးနှုန်း အနေဖြင့် တစ်နှစ်လုံးတွင် အတိုး ၅ ရာခိုင်နှုန်းဖြင့် သက်သာစွာ ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။

ကချင်ပြည်နယ်အတွင်းရှိ တောင်သူများအား ယခုနှစ်ဆောင်းရာသီ စိုက်ပျိုးစရိတ်အဖြစ် ငွေကျပ်သိန်းပေါင်း (၂၅၀၀၀) ကျော်ကို အောက်တိုဘာလ ၇ ရက်နေ့မှ စတင်ထုတ်ပေးခဲ့ပြီး ဒီဇင်ဘာလ ၂၂ ရက်နေ့ထိ ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း ကချင်ပြည်နယ် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ် ပြည်နယ်မန်နေဂျာ ဦးကျော်စွာလိုင်ထံမှ သိရသည်။

ယော်ဆောင်(ပြန်/ဆက်)