မိတ္ထီလာမြို့ သမိုင်းဝင် မဟာဓမ္မရာဇိကရွှေမြင်တင်စေတီတော်အား စတုတ္ထအကြိမ် ရွှေသင်္ကန်းကပ်လှူ

မိတ္ထီလာ အောက်တိုဘာ ၁၃

မိတ္ထီလာမြို့ မိတ္ထီလာကန်အရှေ့ထိပ်ရှိ မင်းဝံတောင်ကုန်းပေါ်တွင် ရှေးမင်းအဆက်ဆက်ပြု ပြင်ထားကိုးကွယ်ခဲ့သော သမိုင်းဝင် မဟာဓမ္မရာဇိက ရွှေမြင်တင်စေတီတော်အား စတုတ္ထအကြိမ် ရွှေဆိုင်းသင်္ကန်းနှင့် ရွှေဆေးသင်္ကန်းများကပ်လှူခြင်းကိုဆောင်ရွက်လျက်ရှိကြောင်း အဆိုပါစေတီတော် ဂေါပကအဖွဲ့ တာဝန်ရှိသူ တစ်ဦးထံက သိရသည်။

မိတ္ထီလာမြို့သမိုင်းဝင် မဟာဓမ္မရာဇိကရွှေမြင်တင်စေတီတော်မြတ်ကြီးကို စတုတ္ထအကြိမ်ရွှေဆိုင်းသင်္ကန်းနှင့် ရွှေဆေးသင်္ကန်းများကပ် လှူခြင်းကို သီတင်းကျွတ်လပြည့်နေ့ကစတင်ပြီး ဆောင်ရွက်နေ တာဖြစ်ပါတယ်။ စေတီတော်ကြီးရဲ့ စိန်ဖူးတော်၊ငှက်မြတ်နားတော်၊ ထီးတော်တို့နဲ့တကွ ငှက်ပျောဖူးမှ ဖောင်းရစ် ၃ ရစ်အထိ မျက်ပါးရွှေဆိုင်းသင်္ကန်းများကပ်လှူပူဇော်မှာဖြစ်ပါတယ်။ ကျန်ဖောင်းရစ်များနဲ့ ပစ္စယာများကို ရွှေဆေးသင်္ကန်း ကပ်လှူပူဇော်သွားမှာဖြစ်ပါတယ်။ ရွှေမြင်တင်စေတီတော် မြတ်ကြီးကို စတုတ္ထအကြိမ်ရွှေသင်္ကန်းကပ် လှူပူဇော်ခြင်းလုပ်ငန်းမှာ ပါဝင်ကုသိုလ်ယူလှူဒါန်း လိုသူများအနေနဲ့ စေတီတော်ဂေါပကအဖွဲ့ရုံးဖုန်း  ၀၆၄၂၃၅၇၃ ကို ဆက်သွယ်မေးမြန်းလှူဒါန်းနိုင် ပါတယ်ဟု အဆိုပါစေတီတော်ဂေါပကအဖွဲ့မှတာဝန်ရှိသူ တစ်ဦးက ပြောသည်။

အဆိုပါ မဟာဓမ္မရာဇိကရွှေမြင်တင်စေတီတော်မြတ်ကြီးအား ပထမကြိမ် ရွှေသင်္ကန်းကပ်လှူခြင်းအား  ၁၉၉၂ ခုနှစ် မတ်လတွင်လည်း ကောင်း၊ ဒုတိယအကြိမ်ရွှေသင်္ကန်းကပ်လှူခြင်းအား ၂ဝဝ၃ ခုနှစ်ဧပြီလတွင် လည်းကောင်း၊ တတိယအကြိမ် ရွှေသင်္ကန်းကပ်လှူခြင်းအား ၂ဝ၁၄-၂ဝ၁၅ ခုနှစ် တွင်လည်းကောင်း အများစုပေါင်းလှူဒါန်းမှုဖြင့် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။ သမိုင်းဝင် မဟာဓမ္မရာဇိကစေတီတော်အား မိတ္ထီလာ ကန်ကိုဆည်ဖို့ပြင်ပြုရန် လာရောက်ချိန်တွင် ပုဂံပြည့်ရှင် နရပတိစည်သူများက တည်ထားကိုးကွယ်ခဲ့ပြီး ရှေးမင်းအဆက်ဆက် ပြုပြင်တည်ထားကိုးကွယ်ခဲ့ ကြောင်း ဘုရားသမိုင်းမှတ်တမ်းများအရသိရသည်။ မဟာဓမ္မရာဇိကရွှေမြင်တင်စေတီတော်မြတ် ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်အဖြစ် နှစ်စဉ်ကဆုန်လပြည့်နေ့တိုင်း၌ ကဆုန်ညောင်ရေသွန်းပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပလေ့ရှိကြောင်း သိရသည်။

ချမ်းသာ