စဉ့်ကိုင် အောက်တိုဘာ ၁၃
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်၍ မြို့နယ်အဆင့် ဌာနဆိုင်ရာတာ၀န်ရှိသူများနှင့် ကျေးရွာဒေသခံပြည်သူများ တွေ့ဆုံ၍ ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့နံနက်(၉)နာရီက ဥယျာဉ်ကြီးကျေးရွာအုပ်စု အတွင်းရှိ ကျောင်းသစ်ဘုန်းတော်ကြီးကျောင်း သာသနာ့ဓဇကျောင်းဆာင် ဓမ္မာရုံတွင် တွေ့ဆုံခဲ့ကြကြောင်းသိရသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဗိုလ်အောင်မောင်မောင်က နိုင်ငံတော်က ဒေသဖွံ့ဖြိုးရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေးဆောင်ရွက်ပေးနေမှုအခြေအနေများ၊ ကျေးရွာဖွံ့ဖြိုး တိုးတက်ရေးအတွက် ကျေးရွာပြည်သူများ၏ လိုအပ်ချက်များကို သက်ဆိုင်ရာဌာနများမှချက်ခြင်း ညှိနှိုင်းဆောင်ရွက်ပေး၍ ရမည့်လုပ်ငန်းများကို ညှိနှိုင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း အသေးစိတ်ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့၀င် (၁) ဗိုလ်မှူး ပြည့်ဖြိုးအောင်က လုံခြုံရေးနှင့်တရားဥပဒေစိုးမိုးရေးဆိုင်ရာကိစ္စများ၊ အခြေအနေများကို ရှင်းလင်းဆွေးနွေးခဲ့သည်။
ဆက်လက်၍ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ပညာရေး၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ မြို့နယ် ကျေးလက်လမ်းဦးစီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဆည်မြောင်း ဦးစီးဌာန၊ မြို့နယ်ကော်မရှင်အစရှိသည့် ဌာနများမှတာ၀န်ရှိသူများကလည်း ကျေးရွာအတွက် မိမိတို့ဌာနအလိုက် ဆောင်ရွက်ပေးနေသည့် လုပ်ငန်းများကို အသီးသီးရှင်းလင်းဆွေးနွေးခဲ့ကြရာ ကျေးရွာပြည်သူများက မှတ်ပုံတင်၊ အိမ်ထောင်စုဇယားများ ပျောက်ဆုံးပျက်ဆီးမှုများ ရှိပါကြောင်း၊ လယ်ယာမြေများတွင် ပုံစ ံ(၇) များ ပျောက်သွားသည့်အတွက် ပြန်လည်ထုတ်ပေးစေလိုပါကြောင်း၊ ရသာ-ဥယျာဉ်ကြီး ဆက်သွယ်သည့် လမ်းပျက်ဆီးနေမှုအား ပြန်လည်ပြုပြင် ပေးစေလိုကြောင်း တင်ပြကြရာသက်ဆိုင်ရာဌာနများ ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်း ပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်ကျန်းမာရေးဌာနမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိနေသူများကို ထိုးနှံပေးခဲ့ပြီး တက်ရောက်လာသည့် ပြည်သူများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနက ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး လက်ကမ်းစာစောင်နှင့် မြို့နယ် လူ၀င်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာနက ပြည်သူများအားပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးနေသည့် သိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။ အဆိုပါ တွေ့ဆုံညှိနှိုင်း ဆွေးနွေးပွဲသို့ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ကျေးလက်ဒေသနှင့် ဆက်စပ်သည့် ဌာနဆိုင်ရာများ၊ ဥယျာဉ်ကြီးကျေးရွာနှင့် ကုန်းကြီးကျေးရွာမှကျေးရွာပြည်သူများ စုစုပေါင်း (၂၀၅) ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
၀င်း၀င်းသန်း(စဉ့်ကိုင်)