ကွမ်းလုံမြို့၌ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်တားဆီးရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်

ကွမ်းလုံ အောက်တိုဘာ ၁၃

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင်၊ ကွမ်းလုံမြို့၌ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်တားဆီးရေးအတွက် Mask Campaign နှင့် အသိပညာပေးလုပ်ငန်းများကို ယနေ့နံနက်(၇)နာရီအချိန်က ကွမ်းလုံ-ချင်းရွှေဟော်ပြည်ထောင်စုလမ်းမပေါ်နှင့် ကွမ်းလုံမြို့မဈေးအတွင်းတွင် အရှိန်အဟုန်မြှင့်ဆက်လက်ဆောင်ရွက်ခဲ့ပြီး နှာခေါင်းစည်း Mask အခု (၁၅၀၀)အား ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရသည်။

ကွမ်းလုံမြို့၌ အောက်တိုဘာလ ၁၃ ရက်နေ့သည် ငါးရက်တစ်ကြိမ်ကျရောက်သည့် ဈေးနေ့ဖြစ်သည့်အားလျော်စွာ ဈေးရောင်း/ဈေးဝယ်သူများဖြင့် စည်ကားလျက်ရှိသဖြင့် ကွမ်းလုံမြို့နှင့် အနီးပတ်ဝန်းကျေးရွာများမှ ဈေးရောင်း/ဈေးဝယ်လာသူများကို နှာခေါင်းစည်း Mask များအား အခမဲ့ဖြန့်ဝေပေးခဲ့ပြီး နှာခေါင်းစည်း Mask တပ်ဆင်ပြီးမှသာ ဈေးရောင်း/ဈေးဝယ်ပြုလုပ်ကြရန် အသိပညာပေးလုပ်ငန်းများကို မြို့နယ်စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိ ဦးခင်မောင်တင့်ကဦးစီး၍ အမျိုးသမီးရေးရာ၊ မိခင်နှင့်ကလေး၊ မိသားစုစည်းကမ်းထိန်းသိမ်းရေးကော်မတီအဖွဲ့များမှ ကွမ်းလုံမြို့မဈေးအတွင်း၌ ဆောင်ရွက်ခဲ့ကြသည်။

ထို့နောက် မီးသတ်ဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန၊ ကြက်ခြေနီအဖွဲ့များမှ ကွမ်းလုံ-ချင်းရွှေဟော် ပြည်ထောင်စုလမ်းမကြီးပေါ်တွင် သွားလာနေသည့် လမ်းသွားလမ်းလာပြည်သူများ၊ ကုန်တင်ယာဉ်မောင်းနှင်သူများ၊ လူစီးယာဉ်မောင်းနှင်သူနှင့် ခရီးသွားပြည်သူများကို နှာခေါင်းစည်း Mask တပ်ဆင်ပြီးမှသာသွားလာကြရန် နှာခေါင်းစည်း Mask များအား အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိသည်။

မြို့နယ်(ပြန်/ဆက်)