နမ့်စန်(တ) စက်တင်ဘာ ၁၇
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ နမ့်စန်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက် ပြန့်ပွားမှုမရှိစေရေး အတွက် မြို့အဝင်/ထွက် ကျန်းမာရေးစစ်ဆေးသည့် ဂိတ်များတွင် ယနေ့ နံနက်ပိုင်းမှစတင်ကာ ဝန်ထမ်း အင်အား ထပ်မံတိုးမြှင့်ချထား၍ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို အထူးကြပ်မတ်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
ခိုလမ်-နမ့်စန် မြို့အဝင်ဘက် စစ်ဆေးရေးဂိတ်နှင့် တောင်ကြီး-နမ့်စန် မြို့အဝင် စစ်ဆေးရေး ဂိတ်တို့တွင် ဖြတ်သန်းသွားလာနေကြသော ပြည်သူများကို ကျန်းမာရေးစစ်ဆေးခြင်း၊ နှာခေါင်းစည်း Mask များ တပ်ဆင်သွားလာခြင်း ရှိ/မရှိ စစ်ဆေးခြင်း၊ Mask များ ဖြန့်ဝေပေးခြင်း၊ မြို့နယ်အတွင်း ဝင်ရောက်မည့် ယာဉ်များအား သတ်မှတ်စည်းကမ်းချက်များနှင့်အညီ သက်ဆိုင်ရာ ကျန်းမာရေးဌာနနှင့် မိမိနေထိုင်သည့် မြို့နယ်မှ ထောက်ခံစာများ ပါ/မပါ စစ်ဆေးခြင်း၊ ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်နှုန်းမြင့်မားနေသည့် နေရပ်ဒေသများမှ ပြန်လည်ဝင်ရောက်လာသူများ ရှိ/မရှိ စစ်ဆေးခြင်းနှင့် တွေ့ရှိပါက Facility Quarantine ထားရှိရေး ဆောင်ရွက်ခြင်းနှင့် ကျန်းမာရေး အသိပညာပေးခြင်းလုပ်ငန်းများကို မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ၊ ထိန်းချုပ်၊ ကုသရေး ဦးစီး ကော်မတီ၏ ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များက ပူးပေါင်း၍ ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။
သူရအောင်(ပြန်/ဆက်)