မုဒုံမြို့နယ်ရှိ ကျေးရွာအချို့တွင် ပိန်းဥများလှိုင်လှိုင်ထွက်ရှိပြီး ယခင်နှစ်ထက်စျေး ကောင်းပိုရနေ

မုဒုံ အောက်တိုဘာ ၁၃

မွန်ပြည်နယ် မုဒုံမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ပိန်းဥစိုက်ပျိုး ရိတ်သိမ်းချိန်ရာသီ၌ ပိန်းဥများယခင်နှစ်ထက် စျေးကောင်းပိုရ၍ တောင်သူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

ပိန်းဥများမှာ ပိန်းကြက်ဥ၊ ပိန်းစိမ်း၊ ပိန်းဝါ စသည့်အမျိုးအစားများရှိကြပြီး နုံးမြေနှင့် ရေစီးဆင်းမှုကောင်းမွန်သည့် မြေအမျိုးအစား မြေပွသော မြေသြဇာဓာတ်နည်းပါးသည့် မြေဆီလွှာကိုကြိုက်နှစ်သက်ကြောင်း၊ ပိန်းပင်များသည် ဆက်တိုက်စိုက်ပျိုး စနစ်အား မလိုလားကြ၍  အရွက်စား ဟင်းသီးဟင်းရွက်ပင်များနှင့် ပြောင်းလဲစိုက် ပျိုးရန်လိုအပ်ကြောင်း၊ အတန်းတစ်တစ်တန်းတည်း စိုက်ပျိုးပါက သုံးပေအကျယ် အတန်းနှစ်တန်းလျှင် ငါးပေအကျယ်ပေါင်ဖြင့်စိုက်ပျိုးရန်လိုအပ်ကြောင်း၊ သားတက်မှ စိုက်ပျိုးပါက ပျိုးခင်းထဲတွင် အညှောင့်ပေါက်စေရန် အရင်ပျိုးထောင်ပြီးမှ စိုက်ခင်းထဲသို့ချရမည်ဖြစ်ကာ မြေသားနက်၍ လေဝင်လေထွက်ကောင်းပြီး ရေမဝပ်စေ ရန်လိုအပ်သည်။ ပိန်းဥကို ဥမွှာမှလည်ကောင်း၊ ပိန်းဥ၏အရင်းနှင့်ထိပ်ဖျားမှလည်းကောင်း စိုက်ပျိုးနိုင်ပြီး ငါးလအကြာတွင်ရိတ်သိမ်းနိုင်ကာ စျေးကွက်တွင် တစ်ပိသာ လျှင် ၃၀၀၀ ကျပ်ရရှိပြီး ယခင်နှစ်များတွင်ငွေကျပ် ၁၅၀၀ မှ ၂၀၀၀ကျပ် အထိသာရရှိကြောင်း မုဒုံမြို့နယ်ရှိ ပိန်းပင်စိုက်ပျိုးတောင် သူတစဦးက ပြောသည်။

မုဒုံမြို့နယ်တွင် ရာဘာစိုက်ပျိုးရေးနှင့် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို အဓိက လုပ်ကိုင်စိုက်ပျိုးကြပြီး မိသားစုစာသုံးနိုင်ရန်နှင့် တစ်ဖက်တစ်လမ်းမှအပိုဝင်ငွေရရှိစေရန် ဟင်းသီးဟင်းရွက်များကိုလည်း ကျေးရွာအများစုတွင်စိုက်ပျိုးကြကြောင်း သိရသည်။

သားငယ် (ပြန်/ဆက်)