လှည်းကူးမြို့နယ်တွင် “ခေါင်းဆောင်မှုအတွေး၏အရေးပါမှု” စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်

လှည်းကူး အောက်တိုဘာ ၁၃

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်တွင် ဒေသနေပြည်သူများ စာပေများဖတ်ရှုသည့် အလေ့အကျင့်ရှိစေရန်နှင့် စာပေဖတ်ရှုခြင်းမှ ရရှိသော စာဖတ်ခြင်း၏ အကျိုးကျေးဇူးများအကြောင်း သိရှိစေရန်ရည်ရွယ်၍ ယနေ့ နံနက်(၁၀)နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာရေးဆရာချစ်နိုင် (စိတ်ပညာ) စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပပြုလုပ်ကြောင်း သိရသည်။

အဆိုပါ စာဖတ်ဝိုင်းဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးတင်မျိုးအောင်က စာဖတ်ခြင်းမှရရှိသည့် အသိပညာ ဗဟုသုတများကို သိရှိစေရန်အတွက် ပြုလုပ်ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ စာပေချစ်သူများ အချင်းချင်းတစ်ဦးနှင့် တစ်ဦးအပြန်အလှန်ဆွေးနွေးသည့် အလေ့အကျင့်ရှိစေရန်အတွက် စာဖတ်ဝိုင်းဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ ယခုဆွေးနွေးသည့်စာအုပ်သည် လူငယ်များအနေဖြင့် ဖတ်သင့်သည့် စာအုပ်ကောင်း တစ်အုပ်ဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီးနောက် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်းမှ ဦးကျော်မင်းညွှန့်က စာအုပ်တွင်ပါရှိသည့် အကြောင်းအရာ များကို ဦးဆောင်ဆွေးနွေးခဲ့ပြီး တက်ရောက်လာသူများကလည်း အပြန်အလှန် ဆွေးနွေးခဲ့ကြောင်း သိရသည်။

အေးအေးနွဲ့(ပြန်/ဆက်)