နေပြည်တော်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း နှစ်ပတ်လည်အသင်းသားစုံညီ အစည်းအဝေးကျင်းပ

ဇမ္ဗူသီရိ အောက်တိုဘာ ၁၃

နေပြည်တော် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း နှစ်ပတ်လည် အသင်းသားစုံညီ အစည်းအဝေးကို ယနေ့နံနက် (၉)  နာရီက ဇမ္ဗူသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ နေပြည်တော်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးအောင်ကိုထက်က အသင်းသားများအား ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားခဲ့ပြီး နေပြည်တော်စားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးမှူး၊ ဇမ္ဗူသီရိမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမျိုးထွန်းနှင့် MSME Association (နေပြည်တော်) ဥက္ကဋ္ဌတို့က အသီးသီး အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ နေပြည်တော်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ ဇမ္ဗူသီရိမြို့နယ်တွင် ဒုတိယအကြိမ်ကျင်းပမည့် မြို့နယ်လုံးဆိုင်ရာ အသံမစဲမဟာပဋ္ဌာန်းမြတ် ရွတ်ဖတ်ပူဇော်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အလှူငွေကျပ် (၅) သိန်းအား ပေးအပ်လှူဒါန်းရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနေမျိုးထွန်းက လက်ခံရယူပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။ ပြီးနောက် နေပြည်တော် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း ဒုဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့က ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းအခြေအနေများနှင့် ရှေ့ဆက်ဆောင်ရွက်မည့် အခြေအနေများအား ရှင်းလင်းပြောကြားခဲ့ပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြောင်း သိရသည်။

အဆိုပါ အစည်းအဝေးသို့ နေပြည်တော်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ဇမ္ဗူသီရိမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနေမျိုးထွန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အတွင်းရှိ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်အသင်းသားများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တက်‌ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)