ကျောက်တံခါး စက်တင်ဘာ ၁၇
ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် ရပ်ကွက်/ကျေးရွာ အဖွဲ့ခွဲအဖွဲ့ဝင်များအား ရွေးကောက်ပွဲ ဆိုင်ရာ စွမ်းရည်မြှင့်ဆင့်ပွား သင်တန်းကို ယနေ့ နံနက်(၉)နာရီအချိန်က ကျောက်တံခါးမြို့အခြေခံ ပညာအထက်တန်းကျောင်းတွင် ဖွင့်လှစ်ခဲ့သည်။
သင်တန်းဖွင့်ပွဲတွင် မြို့နယ်ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးမောင်အေးက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ် ချက်အား ပြောကြားခဲ့သည်။ ဆက်လက်၍ သင်တန်းနည်းပြ(၅)ဦးက ရွေးကောက်ပွဲနှင့်ဆိုင်သည့် အခြေခံ ဗဟုသုတများ၊ ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များ၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များ၊ ရွေးကောက်ပွဲဆိုင်ရာ ပြစ်မှုပြစ်ဒဏ်ဆိုင်ရာနှင့် တရားမဲ့ပြုကျင့်မှု၊ မဲပေးခြင်း၊ မဲရေတွက်ခြင်း၊ ရလာဒ်များ ထုတ်ပြန်ခြင်း၊ ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေများ၊ ကြိုတင်မဲပေးခြင်း၊ ပုံစံများအသုံးပြုခြင်း၊ မဲပေးရန် မဲရုံပြင်ဆင်ခြင်း၊ မဲစာရင်းကြေညာခြင်းစသည့် သင်ခန်းစာများကို စက်တင်ဘာ(၁၇)ရက်မှ (၁၈)ထိ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရှိရ သည်။
အဆိုပါ ရွေးကောက်ပွဲဆိုင်ရာ ဆင့်ပွားသင်တန်းကို အခန်း(၁)ခန်းလျှင် (၂၅)ဦးနှုန်းဖြင့် အခန်း(၅) ခန်းခွဲ၍ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနက သတ်မှတ်ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု ကြိုတင်ကာကွယ်ရေးနည်းလမ်းများနှင့်အညီ သင်ကြားပို့ချလျက်ရှိပြီး မြို့နယ် အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စု (၆၅)အုပ်စုမှ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင် စုစုပေါင်း(၄၈၅)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
စန်းစန်း(ပြန်/ဆက်)