ပုသိမ်ကြီးမြို့နယ် မြို့မစာကြည့်တိုက် နှစ်ပတ်လည်အခမ်းအနားနှင့် စာအုပ်လှူဒါန်းပွဲကျင်းပ

ပုသိမ်ကြီး အောက်တိုဘာ ၁၃

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ မြို့မစာကြည့်တိုက် နှစ်ပတ်လည်အခမ်းအနားနှင့် စာရေးဆရာမနွေးထွေး (ပုသိမ်ကြီး) စိန်ရတုမွေးနေ့ အထိမ်းအမှတ် စာအုပ်လှူဒါန်းပွဲကို အဆိုပါမြို့မစာကြည့်တိုက်တွင် ယမန်နေ့က ပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ပုသိမ်ကြီးမြို့နယ် စာရေးဆရာအသင်း နာယကဆရာကြီး မာဃိန္ဒ(ပုသိမ်ကြီး)က စာကြည့်တိုက်သမိုင်းကြောင်းနှင့် စာရေးဆရာဘ၀ဖြတ်သန်းမှုအကြောင်း အမှာစကားပြောကြားခဲ့သည်။ ထို့နောက် စာရေးဆရာအသင်းနာယက ဆရာဦးလှမြင့် (မန်းတက္ကသိုလ်)နှင့် ဒုတိယဥက္ကဋ္ဌ ဆရာစောနန်းမြေအောင်တို့က မုဒိတာစကားများ ဆက်လက်ပြောကြားခဲ့ကြသည်။ ဆက်လက်၍ တက်ရောက်လာသည့် စာရေးဆရာများက မြို့မစာကြည့်တိုက်အတွက် စာအုပ်စာစောင်များ ပေးအပ်လှုဒါန်းကြရာ စာကြည့်တိုက်မှူး ဦးလှရွှေက လက်ခံရယူခဲ့သည်။

ထို့နောက် မွေးနေ့ရှင် စာရေးဆရာမနွေးထွေး(ပုသိမ်ကြီး)ကို မွေးနေ့လက်ဆောင်များပေးအပ်မှုအပေါ် ဆရာမကြီးမှလက်ခံရယူပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီးနောက် မြို့မစာကြည့်တိုက်အဖွဲ့၀င်များနှင့် စာရေးဆရာများက စုပေါင်းမှတ်တမ်းဓါတ်ပုံများ ရိုက်ခဲ့ကြသည်။ အဆိုပါ မြို့မစာကြည့်တိုက်သည် ပုသိမ်ကြီးမြို့နယ်၏ နှစ်(၅၀)သက်တမ်းရှိပြီး အောင်မြင်လျက်ရှိသည့် စာကြည့်တိုက်တစ်တိုက်ဖြစ်ကြောင်း သိရသည်။

ဇာနည်ကိုကို