ဒလမြို့နယ်၌ ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စု ၃၅၁၃၇ စုအတွက် ထောက်ပံ့ငွေကျပ် ၇၀၂၇၄၀၀၀၀ ပေးအပ်

ရန်ကုန် စက်တင်ဘာ ၁၇

ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်၌  နိုင်ငံတော်အစိုးရက ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေစဉ်ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအား တစ်အိမ်ထောင်စုလျှင် ငွေကျပ် ၂၀၀၀၀ ကို ထောက်ပံ့ ပေးအပ်လျက်ရှိရာ  တတိယအကြိမ်မြောက် ထောက်ပံ့ပေးအပ်ပွဲကို   ယမန်နေ့ မွန်းလွဲ ၃ နာရီခွဲ အချိန်က  မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန သီရီဇေယျနော်ရထာခန်းမတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်မှုများနှင့်အညီ ကျင်းပပြုလုပ်ခဲ့သည်။

ထောက်ပံ့ငွေပေးအပ်ပွဲတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးယဉ်ထွေး က ထောက်ပံ့ငွေ ပေးအပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး၊ မြို့ပေါ်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအား ထောက်ပံ့ငွေများကို အသီးသီး ပေးအပ်ခဲ့သည်။ အဆိုပါ ထောက်ပံ့ငွေပေးများကို သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများမှ တစ်ဆင့် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများသို့ ဆက်လက်၍ ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်းသိရသည်။

 ဒလမြို့နယ်အတွင်း ရပ်ကွက် ၂၄ ရပ်ကွက်ရှိ အခြေခံလူတန်းစား အိမ်ထောင်စုပေါင်း ၂၄၂၂၅ စု၊ ကျေးရွာအုပ်စု ၂၃ အုပ်စု၊ ကျေးရွာပေါင်း ၅၄ ရွာတို့ရှိ အခြေခံလူတန်းစား အိမ်ထောင်စုပေါင်း ၁၀၉၁၂ စု၊ စုစုပေါင်း အိမ်ထောင်စုပေါင်း ၃၅၁၃၇  စု အတွက် နိုင်ငံတော်အစိုးရမှ တစ်အိမ်ထောင်လျှင် ငွေကျပ် ၂၀၀၀၀ ဖြင့် ထောက်ပံ့ ငွေကျပ် စုစုပေါင်း ၇၀၂၇၄၀၀၀၀ ကို ထောက်ပံ့ပေးအပ်သွားမည်ဖြစ်သည်။

ထို့အတူ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ထောက်ပံ့လှူဒါန်းသည့် ဒလမြို့နယ်အတွင်း လတ်တလော အသက်ရှုလမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရန် အပူချိန်တိုင်းစက် ၁ ခုစီ နှင့် Hand Speaker ၁ ခုစီ တို့ကို မြို့ပေါ်ရှိ ရပ်ကွက် ၂၄ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၂၃ အုပ်စုတို့အတွက် အသီးသီး ပေးအပ်ခဲ့ကြောင်း သိရသည်။

နိုင်လင်းကျော်(ဒလ)