သင်္ဃန်းကျွန်း အောက်တိုဘာ ၁၃
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်တွင် ကိုဗစ်−၁၉ရောဂါ(အိုမီခရွန်) ကြိုတင်ကာကွယ်နိုင်ရေးနှင့် အသိပညာဗဟုသုတရရှိစေရန်ရည်ရွယ်၍ ကိုဗစ်−၁၉(အိုမီခရွန်)ဆိုင်ရာအသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲတို့ကို ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်(သင်္ဃန်းကျွန်း)ရုံး လူထုအခြေပြုဗဟိုဌာနတွင် ယနေ့နံနက်(၁၀)နာရီ၌ ကျန်းမာရေးဝန်ကြီးဌာနမှ လမ်းညွှန်ထားသည့် ကိုဗစ်-၁၉ရောဂါကြိုတင်တားဆီးကာကွယ်ရေးဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။
ထိုသို့ဆောင်ရွက်ရာတွင် ရန်ကုန်အရှေ့ပိုင်းခရိုင်(သင်္ဃန်းကျွန်း)ရုံး ဦးစီးအရာရှိဒေါ်ဝါဝါဝင်းမြိုင်မှ ကိုဗစ်−၁၉(အိုမီခရွန်) ကာကွယ်ရေးအတွက် လူစုလူဝေးမှရှောင်ရန်၊ နှာခေါင်းစည်းတပ်ဆင်ရန်၊ လက်ကိုဆပ်ပြာဖြင့်မကြာခဏ စက္ကန့်(၂၀)ကြာဆေးရန်၊ တစ်ဦးနှင့်တစ်ဦးခပ်ခွာခွာနေရန်စသည့်အကြောင်းအရာများ ဟောပြောဆွေးနွေးခဲ့ပြီး တက်ရောက်လာသူများက နံရံကပ်စာစောင်တွင်ပါရှိသော ကိုဗစ်-၁၉ ဆိုင်ရာ ကျန်းမာရေးအသိပညာပေး အကြောင်းအရာများကို ကြည့်ရှုခဲ့ကြသည်။
ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်(သင်္ဃန်းကျွန်း)သည် ပြည်သူများအသိပညာဗဟုသုတရဖွယ် နံရံကပ်စာစောင်၊ စာဖတ်ဝိုင်း၊ လက်ကမ်းစာစောင်၊ Talk Show ဟောပြောပွဲများကို ဆောင်ရွက်လျက်ရှိပြီး ကလေးငယ်များ ဗလငါးတန်ဖွံ့ဖြိုးစေရန်အတွက် သင်တန်းများကိုလည်း ဖွင့်လှစ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကိုဘုန်း(သင်္ဃန်းကျွန်း)