ပေါက်တောမြို့နယ်အတွင်းရှိ IDPs စခန်းများတွင် ခိုလှုံနေကြသောပြည်သူများအား ထပ်ဆောင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး Booster Dose ထိုးနှံ

ပေါက်တော အောက်တိုဘာ ၁၃

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့နယ်အတွင်းရှိ IDPs စခန်း(၅)ခုဖြစ်သည့် ကြိမ်နီပြင် lDP စခန်း၊ အနောက်ရဲ lDP စခန်း၊ ဆက်တက်မော် IDP စခန်း၊ ငှက်ချောင်း(၁)IDP စခန်း၊ ငှက်ချောင်း(၂) IDP စခန်းများတွင် ခိုလှုံနေကြသော ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး  နှစ်ကြိမ်ထိုးနှံပြီးစီးသည့် ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထပ်ဆောင်း ကာကွယ်ဆေး ထိုးနှံပေးခြင်းကို  ယမန်နေ့  နံနက်ပိုင်းက သတ်မှတ်စုရပ် နေရာများတွင် ထိုးနှံပေးခဲ့ကြသည်။

ထိုသို့ ဆောင်ရွက်ပေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးကြပ်ပြီး မြို့နယ်ကုသရေးဦးစီးမှူး ဦးဆောင်၍ ကျန်းမာရေး ဝန်ထမ်းများက ကာကွယ်ဆေး ထိုးနှံခြင်းမပြုမီ စာရင်းများမှတ်ယူခြင်း၊ လာရောက် ထိုးနှံကြသည့်သူများအား ကိုယ်အပူချိန် တိုင်းတာခြင်း၊ သွေးပေါင်ချိန် တိုင်းတာပေးခြင်း ကျန်းမာရေး စစ်ဆေးခြင်းများကို ဆောင်ရွက်ပေးကာ ပုံမှန်အခြေအနေရှိမှသာ စနစ်တကျ ကာကွယ်ဆေး ထိုးနှံပေးပြီး ထိုးနှံပြီးသည့် သူများကို မိနစ် ၃၀ ခန့်စောင့်ကြည့်ပြီးမှ ပြန်လည်ထွက်ခွာခွင့်ပြုခဲ့သည်။

အဆိုပါ ထပ်ဆောင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး Booster Dose ထိုးနှံပေးခြင်းကို ယမန်နေ့က IDPs စခန်းများတွင်ခိုလှုံနေကြသော ပြည်သူစုစုပေါင်း (၈၂၀) ဦးတို့အားထိုးနှံပေးခဲ့ကာ အောက်တိုဘာလ(၁၂)ရက်နေ့အထိ (၁၀၁၁၈)ဦးတို့ကို ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ထိုးနှံပေးခဲ့ပြီဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ သိရသည်။

မြို့နယ် (ပြန်/ဆက်)