တံတားဦး အောက်တိုဘာ ၁၃
တံတားဦးခရိုင် တံတားဦးမြို့နယ်တွင် ဆန်စပါး ဖူလုံရေးအတွက် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၌ မိုးစပါးစိုက်ပျိုးရာ (၁၄၅၇၅) ဧက စိုက်ပျိုးရန် လျာထားပြီး ယခုအခါ အားလုံးနီးစိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်းနှင့် ဖြစ်ထွန်းအောင်မြင်လျက်ရှိကြောင်း သိရသည်။
စပါးပင်ကို သိပ္ပံနည်းကျ ပျိုးထောင်စိုက်ပျိုးမည်ဆိုပါက တစ်ဧကလျှင် မျိုးစေ့(၁၀)ပြည် အသုံးပြုရကြောင်း၊ ပျိုးသက်နုချိန်တွင် (၂၅) ရက်သားအရွယ်တွင် ပြောင်းရွေ့စိုက်ပျိုးရပြီး စိုက်ပျိုးရာတွင် ခြောက်တန်းတစ်တန်းလှပ်စနစ်ဖြင့် ကောက်ကွက်တစ်ကွက်၌ ပျိုးပင်(၂) ပင်မှ(၃)ပင်နှုန်း၊ တန်းခြား(၈)လက်မ၊ ပင်ခြား(၆)လက်မ စိုက်ပျိုးရပြီး ပြောင်းရွေ့စိုက်ပျိုးပြီး (၁၅)ရက်အကြာတွင် ရေတင်ခြင်း၊ မြေဩ ဇာ ကျွေးခြင်း၊ ပေါင်းနှုတ်ခြင်းများ ပြုလုပ်ရမည်ဖြစ်ကြောင်း၊ (၄၅)ရက်အကြာတွင် ရေတင်ခြင်း၊ မြေဩဇာကျွေးခြင်း၊ ပေါင်းနှုတ်ခြင်းမျာထပ်မံပြုလပ်ပေးရပြီး ရက်ပေါင်း(၆၅)ရက် အကြာတွင်စပါးသည် သန္ဓေကပ်ပြီး (၁၃၅)ရက် ကျော်လွန်ပါက စပါးရိတ်သိမ်းခြင်းများဆောင်ရွက်ကြကြောင်းသိရသည်။
တံတားဦးမြို့နယ်တွင် စိုက်ပျိုးရေးဦးစီးဌာနမမှ ဝန်ထမ်းများအနေဖြင့် စပါးစိုက်တောင်သူများအား သိပ္ပံနည်းကျစိုက်ပျိုးနိုင်ရေး၊ အောင် မြင်သော မျိုးကောင်းမျိုးသန့်ရရှိရေး အထွက်နှုန်းကောင်းမွန်ရေး၊ စိုက်နည်းစနစ်မှန်ကန်ရေးတို့အတွက် စနစ်တကျစိုက်ပျိုးခြင်းဖြင့် တစ်ဧအထွက်နှုန်းတိုးတက်၍ စပါးစိုက်ပျိုးသည့် တောင်သူများဝင်ငွေတိုးပွားရရှိစေရန် ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုး ရေးဦးစီးဌာနမှ သိရသည်။
ရဲတင့်(ပြန်/ဆက်)