မိုင်းဆတ် အောက်တိုဘာ ၁၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး ဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် ဓာတ်ပုံ၊ နံရံကပ်စာစောင်ပြပွဲကို ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် ယနေ့နံနက်(၉)နာရီခွဲက ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်စန်းစန်းယဉ်က မည်သည့်အလုပ်မျိုးကိုမဆို အသက်(၁၄)နှစ်အောက် ကလေးငယ်များအား အလုပ်ခိုင်းစေခြင်းနှင့် လုပ်ကိုင်ခွင့်ရန်ဥပဒေများ တင်းကြပ်စွာတားမြစ်ထားကြောင်း၊ အန္တရာယ်ရှိသည့်အလုပ်မျိုးနှင့် ခေါင်းပုံဖြတ်အမြတ်ထုတ်မှုခံရသည့် အလုပ်တို့ကိုလုပ်ကိုင်နေရသည့် ကလေးငယ်များ၏ စိတ်ပိုင်း၊ ရုပ်ပိုင်းနှင့်လူမှုဆက်ဆံရေးပိုင်းဆိုင်ရာဖွံ့ဖြိုးမှုများ၊ ကလေးငယ်များအတွက်အန္တရာယ်ရှိပြီး ခေါင်းပုံဖြတ်အမြတ်ထုတ်ခံရမည့်အလုပ်များ၊ လုပ်ငန်းပိုင်ရှင်များအနေဖြင့် ကလေးငယ်များကို ကာကွယ်စောင့်ရှောက်ပေးနိုင်သည့်နည်းလမ်းများ၊ ကလေးများပညာသင်ကြားခွင့်၊ ကျန်းမာရေးစောင့်ရှောက်မှုခံယူပိုင်ခွင့်၊ မတော်မတရားပြုမှု၊ အကြမ်းဖက်မှုနှင့်ခေါင်းပုံဖြတ် အမြတ်ထုတ်မှုတို့မှ အကာအကွယ်ပေးပိုင်ခွင့်နှင့် ပါဝင်ခွင့်များ၊ မြန်မာနိုင်ငံရှိကလေးသူငယ်နှင့် သက်ဆိုင်သည့် ဥပဒေ၊ နည်းဥပဒေများအား ကျောင်းသား၊ ကျောင်းသူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရေး အသိပညာပေးဟောပြောခဲ့သည်။
ထို့နောက် ကျောင်းသား၊ ကျောင်းသူများက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် စာအုပ်စာစောင်များကို လေ့လာကြည့်ရှုကာငှားရမ်းခဲ့ကြပြီး ကလေးအလုပ်သမား ပပျောက်ရေးအသိပညာပေး ဓာတ်ပုံနှင့်နံရံကပ်စာစောင်တို့ကို လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။
မြင့်မောင်(ပြန်/ဆက်)