ပင်းတယမြို့နယ်မှ ငရုပ်ဗွစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းပြီး စျေးကောင်းရရှိ

ပင်းတယ အောက်တိုဘာ ၁၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ် ပင်းတယမြို့နယ်မှ ငရုပ်ဗွစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းပြီး စျေးကောင်းရရှိလျက်ရှိသည်။

ငရုပ်ဗွစိုက်ပျိုးသူတောင်သူတစ်ဦးမှ မိမိတို့စတင်စိုက်ပျိုးသည့်အချိန်က စိုက်ပျိုးစရိတ်ကုန်ကျမှုမြင့်ခဲ့ခြင်းကြောင့် ရောင်းချတဲ့အချိန်မှာ စျေးကောင်းရရန် မျှော်လင့်ခဲ့ကြောင်း၊ ယခုရောင်းချသည့်အချိန်တွင် စျေးကောင်းရရှိနေပြီး၊ ငရုပ်ဗွသီးများမှာ အရွယ်အစားအလွန်ကောင်းမွန်၍ တစ်ပိဿာလျှင်ငွေကျပ်(၃၀၀၀)ထိရရှိပြီး၊ (၂၅)ပိဿာ ခန့်ဆန့်သည့် ခြင်းတစ်ခြင်းလျှင် ငွေကျပ် (၇၀၀၀၀) မှ (၇၅၀၀၀)ခန့်အထိရရှိကြောင်း သိရသည်။

ပင်းတယမြို့နယ်တွင် ငရုပ်ဗွစိုက်ခင်းများအား ရေခြံတွင်ဆယ့်နှစ်လရာသီစိုက်ပျိုးကြပြီး၊ ကုန်းခြံများတွင်လည်း စိုက်ပျိုးကြသည်။ အဆိုပါ ငရုပ်ဗွပင်များကို ပျိုးအိပ်ဖြင့် စတင်ပျိုးထောင်ထားပြီး တစ်လခန့်ကြာပြီးလျှင် မြေချစိုက်ပျိုး၍ ရက်တစ်ရာခန့်တွင် စတင်ခူးဆွတ်နိုင်ပြီဖြစ်ပြီး၊ ဇော်ဂျီမြစ်ချောင်းတစ်လျှောက် ကျေးရွာများဖြစ်သည့် ဇော်ဂျီ၊ မိုင်းလီ၊ မိုင်းအင်၊ ရွှေပုထိုး၊ လယ်ပြင်၊ ညောင်ဝန်း၊ ညောက်ကောက်၊ ပြင်သာ၊ အင်းငယ် စသည့် ကျေးရွာများရှိ တောင်သူများက တနိုင်တပိုင်မှ စီးပွားရေးလုပ်ငန်းဖြစ်လုပ်ကိုင်ကြကြောင်းလည်း သိရသည်။

အောင်ကိုဦး (ပြန်/ဆက်)