ညောင်ရွှေ စက်တင်ဘာ ၁၇
ညောင်ရွှေမြို့ ရပ်ကွက်၊ ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များ ရွေးကောက်ပွဲဆိုင်ရာ ဆင့်ပွားသင်တန်းကို ယနေ့နံနက် ၉ နာရီ က ညောင်ရွှေမြို့ အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်း၌ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ နေရာနှစ်ခုခွဲ၍ ဖွင့်လှစ်ပို့ချခဲ့ကြောင်း သိရသည်။
ရွေးကောက်ပွဲဆိုင်ရာ ဆင့်ပွားသင်တန်းတွင် တောင်ကြီးခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင် ဦးညိုလုံး၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဒေါ်ဝေမာအောင်နှင့် အဖွဲ့ဝင်များက ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များ၊ နိုင်ငံရေး ပါတီများ၊ လွှတ်တော်ကိုယ်စားလှယ် လောင်းများ လိုက်နာရမည့် ကျင့်ဝတ်၊ ရွေးကောက်ပွဲဆိုင်ရာ စုဝေးဟောပြောခြင်းနှင့် မဲဆွယ်စည်းရုံးခွင့်၊ ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေများနှင့် လုပ်ငန်း လမ်းညွှန်များ၊ မဲဆန္ဒရှင်စာရင်းပြုစုခြင်း၊ ကြိုတင်ဆန္ဒမဲ ပေးခြင်း၊ မဲပေးခြင်း၊ မဲရေတွက်ခြင်းနှင့် ရလဒ်များထုတ်ပြန်ကြေညာခြင်း၊ ရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားမှုများ ဖြေရှင်းခြင်း၊ စေ့စပ် ညှိနှိုင်းရေးကော်မတီများဖွဲ့စည်းခြင်းနှင့် ရွေးကောက်ပွဲ ကန့်ကွက်လွှာ တင်သွင်းခြင်း၊ ပြည်သူလူထု နှင့် မဲဆန္ဒရှင်အသိပညာပေးခြင်း၊ ပြည်တွင်းနှင့် နိုင်ငံတကာစောင့်ကြည့် လေ့လာမှုများကို စီမံ ခန့်ခွဲခြင်း၊ မီဒီယာနှင့် ဆက်သွယ်ပြန်ကြားခြင်း၊ မြို့နယ်၊ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများ၏ အခန်းကဏ္ဍ၊ တာဝန်နှင့် လုပ်ပိုင်ခွင့်များ၊ မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင် လုပ်ငန်းလမ်းညွှန်ပါလုပ်ဆောင်ရမည့် ဆောင်ရွက်ရန်အချက်များကို ဆွေးနွေးပို့ချ သွားမည် ဖြစ်သည်။
အဆိုပါသင်တန်းကို ၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲတွင် ရပ်ကွက်၊ ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများက ရွေးကောက်ပွဲလုပ်ငန်းများ ဆောင်ရွက်သည့်အခါ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဆောင်ရွက်နိုင်စေရန်အတွက် ဖွင့်လှစ်ခြင်းဖြစ်ပြီး သင်တန်းကာလမှာ စက်တင်ဘာ ၁၇ ရက်မှ ၁၈ ရက်ထိ နှစ်ရက် ဖွင့်လှစ်ပို့ချ သွားမည်ဖြစ်ကြောင်း သိရသည်။
နေမျိုးသူရိန်