ကမာရွတ်မြို့နယ်၌ အခြေခံစားသောက်ကုန်များအား စျေးနှုန်းချိုသာစွာဖြင့် ပြည်သူများ လက်ဝယ်အရောက်ဆက်လက် ရောင်းချ

ကမာရွတ် အောက်တိုဘာ ၁၃

ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ်အတွင်းရှိ ပြည်သူများ သက်သာချောင်ချီရေးအတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက အခြေခံစားသောက်ကုန်များကို စျေးနှုန်းချိုသာစွာဖြင့် ဝယ်ယူနိုင်ရန်ရည်ရွယ်ကာ  ယမန်နေ့ နံနက် ၈ နာရီ အချိန်ခန့်က  ကမာရွတ်မြို့နယ် အမှတ်(၂)ရပ်ကွက် မြကန်သာ (၂)လမ်း၌ ပြည်သူများထံသို အခြေခံစားသောက်ကုန်များကို  လက်ဝယ်အရောက် ရောင်းချပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ရောင်းချရာတွင်  ဆန်တစ်ပြည်လျှင် ၁၇၀၀ ကျပ်၊  စားအုန်းဆီ တစ်ပိသာလျှင် ၄၁၅၀ ကျပ်၊  ကြက်ဥ တစ်လုံးလျှင် ၁၇၅ ကျပ်နှုန်းဖြင့် အိမ်ထောင်စုတစ်စု လျှင် ဆန် ၁ ပြည်၊ ဆီ ၂၅ ကျပ်သားနှင့် ကြက်ဥ ၁၀ လုံးစီတို့အား သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးလျက်ရှိရာ ယနေ့တွင် ဆန် ၂၄ ပြည်ဝင် ဆန်အိတ် ၁၀ အိတ်၊ ဆီ ၁၁၀ ပိသာ၊ ကြက်ဥအလုံး ၁၀၀၀  ရောင်းချပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ရောင်းချခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦး​ကောင်းမြင့်သူ၊ အဖွဲ့ဝင်(၁) ဗိုလ်မှူး ထင်လင်း​အောင်၊  မြိုနယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်နိုင်၊ မြို့နယ်စည်ပင်သာယာ အုပ်ချုပ်ရေးမှူး ဦးရဲအောင်လွင်နှင့် တာဝန်ရှိသူများမှ ကြီးကြပ်ကွပ်ကဲ ရောင်းချပေးခဲ့ကြောင်းနှင့် ကမာရွတ်မြို့နယ်အတွင်း ရပ်ကွက်များရှိ ပြည်သူများထံ အခြေခံစားသောက်ကုန်များကို လက်ဝယ်ရောက်နေ့စဉ် ရောင်းချပေးနိုင်ရေးစီစဉ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

စိမ်းလဲ့  (ပြန်/ဆက်)