မိုင်းခုတ် အောက်တိုဘာ ၁၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် နယ်လှည့်စာကြည့်တိုက်စနစ်ဖြင့် စာဖတ်ပရိသတ်ထံ လက်ဝယ်အရောက် စာအုပ်၊ စာစောင်များ လှည့်လည်ငှားရမ်းပေးခြင်းကို အပတ်စဉ်ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက် ၉ နာရီက အမှတ်(၂)ရပ်ကွက်သို့ လှည့်လည်ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
ထိုသို့ စာအုပ်၊ စာစောင်များငှားရမ်းပေးရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက သုတ၊ ရသစာအုပ်ပေါင်း ၁၅၀ ကိုသယ်ဆောင်၍ အမှတ်(၂)ရပ်ကွက်ရှိ စာဖတ်ပရိသတ်များထံမှ ယခင်ငှားရမ်းထားသော စာအုပ်၊ စာစောင်များ အပ်နှံမှုကိုလက်ခံခြင်း၊ စာအုပ်၊ စာစောင်အသစ်များ ထပ်မံငှားရမ်းပေးခြင်းနှင့် စာကြည့်တိုက်အသင်းဝင်အဖြစ် လက်ခံစာရင်းသွင်းခြင်းတို့ကို အခမဲ့ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မိုင်းခုတ်မြို့ရုံးအနေဖြင့် လူငယ်၊ လူရွယ်များ၊ စာပေဝါသနာရှင်များအချိန်ကို အကျိုးရှိစွာအသုံးချတတ်စေရန်၊ အမှား၊ အမှန်ဝေဖန်ပိုင်းခြားတတ်စေရန်၊ စာဖတ်သည့် အလေ့အထများရရှိစေရန်နှင့် စာကြည့်တိုက်သို့ စာအုပ်၊ စာစောင်များလာရောက် ငှားရမ်းဖတ်ရှုနိုင်ခြင်းမရှိသည့် စာဖတ်ပရိသတ်များ အဆင်ပြေစွာငှားရမ်းဖတ်ရှုနိုင်စေရန် ရည်ရွယ်၍ လှည့်လည်ငှားရမ်းပေးခြင်းဖြစ်ကြောင်း သိရသည်။
ယဉ်ယဉ်ဝင်း(ပြန်/ဆက်)