တွံတေးမြို့နယ်တွင် အသက် ၁၈ နှစ်အထက်နှင့် ကာကွယ်ဆေးနှစ်ကြိမ်ထိုးပြီး ၆ လပြည့် သူများအား Booster ထပ်ဆောင်းဆက်လက်ထိုးနှံပေး

တွံတေး  အောက်တိုဘာ ၁၂

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုများကို ထိန်းချုပ်နိုင်ရေးအတွက် ကာကွယ်ဆေးမထိုးနှံရသေးသည့် အသက် ၁၈ နှစ်နှင့်အထက် အသက် ၁၈ နှစ်အထက်ပြည့်ပြီး၊ ပထမအကြိမ်နှင့် ဒုတိယအကြိမ်ထိုးနှံပြီး (၆)လပြည့်ပြီးသူများအား တတိယအကြိမ် Booster Dose ထပ်ဆောင်းကာကွယ်ဆေးထိုးနှံပေးခြင်း ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များကို နေ့စဉ်ထိုးနှံပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ကာကွယ်ဆေးထိုးနှံရာတွင် အကြောင်းအမျိုးမျိုးကြောင့် ကျန်ရှိနေကြသည့် နိုင်ငံဝန်ထမ်းများနှင့်ဝန်ထမ်းမိသားစုဝင်များ၊ စေတနာ့ဝန်ထမ်းများနှင့် အများပြည်သူများအား ကာကွယ်ဆေးထိုးနှံပေးခြင်း မြို့နယ်ပြည်သူ့ဆေးရုံအစည်းအဝေးခန်းမ၌ နေ့စဉ်နံနက်(၉)နာရီမှ နံနက်(၁၁)နာရီအထိ နေ့စဉ်ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ထိုးနှံဆောင်ရွက်ပေးလျက်ရှိသည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံရာတွင်လည်း ကာကွယ်ဆေးလာရောက်ထိုးနှံကြသူများကို ကျန်းမာရေးဝန်းထမ်းများနှင့်ကြက်ခြေနီတပ်ဖွဲ့ဝင်များက သွေးအတွင်းအောက်စီဂျင်လည်ပတ်မှုနှုန်း တိုင်းတာခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်း၊ ရောဂါအခံရှိ/မရှိမေးမြန်းခြင်းတို့ကို ဆောင်ရွက်ပြီးမှသာ ကျန်းမာရေးလမ်းညွှန်ချက်များနှင့်အညီ မြို့နယ်ကျန်းမာရေးဝန်ထမ်းများက စနစ်တကျကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိကြောင်းသိရှိရသည်။ တွံတေးမြို့နယ်တွင် စက်တင်ဘာ(၅)ရက်နေ့မှအောက်တိုဘာ(၆)ရက်နေ့အထိ ထပ်ဆောင်း Booster Dose ကို ကျန်းမာရေးဝန်ထမ်း(၄၆)ဦး၊ ရဲတပ်ဖွဲ့ဝင်(၈၈)ဦး၊ ပညာရေးဝန်ထမ်း( ဆရာ/ဆရာမ)( ၃၁၉)ဦး၊ အသက် ၅၀ နှစ်အထက်အခြားဝန်ထမ်းများ(၂၂၅)ဦး၊ အသက် ၆၅ နှစ်အထက်ပြည်သူများ(၄၈၆၈)ဦး၊ အသက် ၆၅ နှစ်အောက်ပြည်သူများ(၂၃၄၃၄)ဦး၊ အသက် ၅၀ နှစ်အောက်ဌာနဆိုင်ရာဝန်ထမ်းများ(၈၉၀၂)ဦး စုစုပေါင်းထပ်ဆောင်းထိုးနှံပြီးသူ(၃၇၈၈၂) ဦးထိုးနှံခဲ့ကြောင်း သိရသည်။

အဆိုပါကာကွယ်ဆေးထိုးနှံမှုကို မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် ပရဟိတအသင်းများပူးပေါင်း၍ ကာကွယ်ဆေးထိုးနှံရန်လာရောက်ကြသူများကို အဆင်ပြေချောမွေ့စွာ ကာကွယ်ဆေးထိုးနိုင်ရန်ဝိုင်းဝန်းကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။

တွံတေးသား