သုံးခွ စက်တင်ဘာ ၁၂
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် စာပေချစ်သူများနှင့်ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်း၊ စာအုပ်ပြပွဲနှင့်နံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက် ၉နာရီက ကျင်းပပြုလုပ်ခဲ့ကြသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်တင်တင်ထွေးက သီတင်းကျွတ်ကျောင်းပိတ်ရက်ကာလအတွင်း ကလေးများစာကြည့်တိုက်တွင် စာပေနှင့်ရင်းနှီးကျွမ်းဝင်မှုရရှိစေရန်၊ စာဖတ်သည့်အလေ့အထကောင်းများရရှိစေရန်နှင့် အချင်းချင်းစာပေဗဟုသုတများ ဖလှယ်တတ်စေရန်အတွက် ပြုလုပ်ရခြင်းဖြစ်ကြောင်းပြောကြားခဲ့သည်။ ထို့နောက် စာရေးဆရာအောင်ကိုဦး(UMK)ရေးသားသော "လူငယ်တွေကို လမ်းဖွင့်ပေးပါ" စာအုပ်ဖြင့်စာဖတ်ဝိုင်း ကျင်းပပြုလုပ်ရာ ဦးဆောင်ဆွေးနွေးသူအဖြစ် Women club အဖွဲ့၀င်ဒေါ်လှိုင်သူဇာက" လူငယ်တွေကို လမ်းဖွင့်ပေးပါ" ခေါင်းစဉ်ဖြင့်ပြောကြားရာတွင် လူငယ်ဆိုတာ တက်ကြွတယ်၊ လန်းဆန်းတယ်၊ အားအင်ရှိတယ်၊ မျှော်လင့်ချက်များရှိပါကြောင်း၊ လူတိုင်းလူတိုင်း သက်မွေး၀မ်းကြောင်းတွေကိုယ်စီမှာ သူ့နေရာနဲ့သူတန်ဖိုးရှိ ပါကြောင်းစသည်ဖြင့် ပြောကြားသည်။ ထို့နောက် Youth Club အဖွဲ့၀င် မပန်းအိဖြူက "မျှော်လင့်ချက်ကိုယ်စီ" ခေါင်းစဉ်ဖြင့် ပြောကြားရာ လူတွေဟာဘာကြောင့်အလုပ်လုပ်ကြလဲ အခြေခံအကျဆုံးကတော့ စား၀တ်နေရေးကြောင့်ဖြစ်ပါကြောင်း၊ ကိုယ်စီကိုယ်စီမှာ ဒီထက်ပိုပြီးတော့ တိကျတဲ့ရည်ရွယ်ချက်တွေ ရှိကြပါကြောင်းပြောကြားသည်။ ဆက်လက်၍ Book club အဖွဲ့၀င် မဖူးကေခိုင်မှလည်း "တန်ဖိုး သတ်မှတ်နိုင်ပါစေ" ခေါင်းစဉ်ဖြင့်ဆွေးနွေးရာတွင် ကုန်ပစ္စည်းတစ်ခုကို တန်ဖိုးသတ်မှတ်ကြတဲ့အခါ အဲဒီကုန်ပစ္စည်းရဲ့ အရည်အသွေးအပေါ်မှာ အခြေခံပါကြောင်း၊ ဒါကြောင့် အရည်အသွေးမြင့်တဲ့ ကုန်ပစ္စည်းတွေဟာ တန်ဖိုးလဲမြင့်ကြပါ ကြောင်းပြောကြားခဲ့ပြီး ကျန်ခေါင်းစဉ်များကို တက်ရောက်လာသော စာပေချစ်မြတ်နိုးသူများက ဝိုင်းဝန်းဆွေးနွေးခဲ့ကြသည်။
ထို့နောက်မြို့နယ်ရုံးမှပြသထားသော ဗဟုသုတရဖွယ် သုတ၊ ရသ စာအုပ်ပြပွဲနှင့်ကလေးအလုပ်သမားပပျောက်ရေး၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေး၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးစသည့် အသိပညာပေးနံရံကပ်စာစောင်များကို စိတ်၀င်စားစွာ လေ့လာကြည့်ရှု့ကြကြောင်း သိရသည်။
စည်သူလင်း ပြန်/ဆက်