သထုံ အောက်တိုဘာ ၁၂
မွန်ပြည်နယ်၊ သထုံမြိုနယ် ကြာပန်းကျေးရွာ၊ တာယာစက်ရုံဝန်းအတွင်းရှိ အလက (တာယာစက်ရုံ) ကျောင်းတွင် မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ သထုံမြို့နယ် ကြက်ခြေနီအသင်းခွဲနှင့် မြို့နယ်ပညာရေးမှုးရုံးတို့ ပူးပေါင်းကာ ရှေးဦးပြုစုခြင်း (အခြေခံ) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်က ပြုလုပ်ခဲ့ကြောင်း သိရသည်။
သင်တန်းဖွင့်ပွဲတွင် သထုံမြို့နယ် ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌ ဦးမိုးကျော်သူက လူမှုရေးစိတ်ဓာတ်ထက်သန်သည့် နိုးကြားတက်ကြွသော မျိုးဆက်သစ်လူငယ်များ ပေါ်ပေါက်လာစေရန်၊ ရှေးဦးပြုစုခြင်း ပညာရပ်ဖြင့် စနစ်တကျ ပြုစုစောင်ရှောက်တတ်စေရန်နှင့် သဘာဝဘေးအန္တရာယ် ကျရောက်ပါက ကိုယ်တိုင်ပါဝင်ဆောင်ရွက်နိုင်စေရန် စသည့် ရည်ရွယ်ချက်များဖြင့် ယခုသင်တန်းကို ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းအမှာစကားပြောကြားပြီး မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှူး ဒေါ်ချိုချိုလွင်က ကြက်ခြေနီအသင်း၏ ရည်ရွယ်ချက်နှင် ဆောင်ရွက်ချက်များတို့ကို ရှင်းလင်းပြောကြားသည်။
အဆိုပါသင်တန်းသို့ အလက(တာယာစက်ရုံ)ကျောင်းမှ ရှေးဦးသူနာပြုစုခြင်းအား စိတ်ပါ၀င်စားသည့် ကျောင်းသားကျောင်းသူ (၄၀)ဦးတို့တက်ရောက်ခဲ့ကြပြီး မြို့နယ်ကြက်ခြေနီအသင်းမှ နည်းပြ ၅ ဦးတို့က နေ့စဉ် နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ ရှေးဦးပြုစုခြင်းဆိုင်ရာ အတတ်ပညာများကို စာတွေ့လက်တွေ့ သုံးရက်ကြာ သင်ကြားပို့ချပေးသွားမည် ဖြစ်သည်။
သထုံမြို့နယ်ကြက်ခြေနီအသင်းခွဲအနေဖြင့် ရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်းများကို ယခုနှစ်အတွင်း အနည်းဆုံးလေးကြိမ်ခန့် ဖွင်လှစ်သွားမည်ဖြစ်ပြီး လူမှုကူညီရေးအသင်းများ ပရဟိတအဖွဲ့များတို့အားလည်း ရှေးဦးပြုစုခြင်းပညာရပ်များကို ပို့ချသင်ကြားပေးသွားမည်ဖြစ်ကြောင်း သင်တန်းအားလုံး၌ စိတ်ပါ၀င်စားသူမည်သူမဆို တက်ရောက်နိုင်ကြောင်း မြို့နယ်ကြက်ခြေနီအသင်းခွဲမှ တာ၀န်ရှိသူ၏ ပြောကြားချက်အရ သိရသည်။
နဒီ(ပြန်/ဆက်)