သီးနှံစိုက်ပျိုးထုတ်လုပ်မှု တိုးတက်စေရေးအတွက် မတ္တရာ၊ စဉ့်ကူး၊ သပိတ်ကျင်း သုံးမြို့နယ်ပေါင်း၍ လုပ်ငန်းညှိနှိုင်းစည်းဝေး

မတ္တရာ အောက်တိုဘာ ၁၂

မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၌ မတ္တရာ၊ စဉ့်ကူးနှင့် သပိတ်ကျင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနတို့ပေါင်း၍ သီးနှံစိုက်ပျိုးထုတ် လုပ်မှုဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်ပိုင်းက မတ္တရာမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါလုပ်ငန်းညှိနှိုင်းအစည်းဝေးတွင် ရှေးဦးစွာ စိုက်ပျိုးရေးဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူး ဦးတိုးမင်းမှ မတ္တရာ၊ စဉ့်ကူး၊ သပိတ်ကျင်းမြို့နယ်များတွင် မိုးသီးနှံ၊  ဆောင်းသီးနှံနှင့် နွေသီးနှံများ လျားထား ဧကထက် ပြည့်မီကျော်လွန်စိုက်ပျိုးနိုင်ရေး၊ ချည်မျှင် ရှည်ဝါသီးနှံ၊ ဆောင်းနေကြာလျာထား ဧကပြည့်မီရေးနှင့် နွေစပါးသီးနှံ ကန်ထရိုက်လယ်ယာစနစ် အောင်မြင်အောင်ဆောင်ရွက်နိုင်ရေးတို့ကို ဆွေးနွေးခဲ့ရာ မြို့နယ်ဦးစီးမှူးများမှ မြို့နယ်အလိုက် လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့သည်။

အဆိုပါ စိုက်ပျိုးထုတ်လုပ်မှုဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ မန္တလေးတိုင်း ဒေသကြီး ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ မတ္တရာမြို့နယ်၊ စဉ့်ကူးမြို့နယ်နှင့် သပိတ်ကျင်း မြို့နယ်များမှ မြို့နယ်ဦးစီးမှူးများနှင့် ဒုတိယဦးစီးမှူးများ၊ ခြံတာဝန်ခံများ တက်ရောက်ခဲ့ကြောင်း သိရသည်။

စိုးကျော်သူထွေး(မတ္တရာ)