မြစ်သားမြို့တွင် (၁၀၂)မြောက် အမျိုးသားအောင်ပွဲနေ့ အကြိုအထိမ်းအမှတ် မြန်မာ့ရိုးရာခြင်းလုံးခတ်ကစားနည်း သရုပ်ပြပွဲကျင်းပ

မြစ်သား  အောက်တိုဘာ  ၁၂

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်မြို့နယ်အတွင်းရှိ ခြင်းလုံးဝါသနာရှင်များ ပူးပေါင်း၍ (၁၀၂)နှစ်မြောက်အမျိုးသား အောင်ပွဲနေ့အကြို အထိမ်းအမှတ် မြန်မာ့ရိုးရာခြင်းလုံးခတ်ကစားနည်းသရုပ်ပြပွဲများကို  ယနေ့ မွန်းလွဲ ( ၂ )နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ‌‌ဒေါ်သီတာအောင်က မြန်မာ့ရိုးရာခြင်းလုံးခတ်ကစားခြင်းဖြင့် လူငယ်လူရွယ်များ ကျန်းမာကြံ့ခိုင်လာစေရန်၊ အချင်းချင်းစည်းလုံးညီညွတ်မှုရှိစေရန်၊မြန်မာ့ရိုးရာခြင်းလုံးပညာကို မြတ်နိုးတန်ဖိုးထားတတ်သောမျိုးဆက်သစ် လူငယ်လူရွယ်များ ပေါ်ထွက်လာစေရန်နှင့်မြန်မာ့ရိုးရာအမွေအနှစ်ဖြစ်သော ရိုးရာခြင်းလုံးပညာကိုလည်းဆက်လက်ထိန်း သိမ်းတတ်စေရန်အတွက် မြန်မာ့ရိုးရာခြင်းလုံးသရုပ်ပြပွဲများဆောင်ရွက်ရခြင်း  ရည်ရွယ်ချက်များကို ပြောကြားသည်။ ထို့နောက်ခြင်းလုံးဝါသနာရှင်များနှင့် အထက်တန်းအဆင့်  ကျောင်းသားများက  မြန်မာ့ရိုးရာခြင်းလုံး  ခြင်းကြီး(၁၀)မျိုးနှင့်ခြင်းလတ်( ၁၀ )မျိုးတို့ကို အဖွဲ့( ၃ )ဖွဲ့ ခွဲကာ သရုပ်ပြခတ်ကစားခဲ့ကြောင်း သိရသည်။         

အဆိုပါ မြန်မာ့ရိုးရာခြင်းလုံးခတ်ကစားနည်းသရုပ်ပြပွဲတွင် မြို့ပေါ်ရပ်ကွက်နှင့်ကျေးရွာများမှ ခြင်းလုံးဝါသနာရှင်များနှင့်အထက်တန်း ကျောင်းသားများက သရုပ်ပြခတ်ကစားခဲ့ကြောင်း ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

ရဲနိုင်ဦး(မြစ်သား)