လင်းခေး သြဂုတ် ၁၇
မိုးသည်းထန်စွာရွာသွန်းပြီး လင်းခေးနမ့်တိန်းချောင်းရေတက်လာမှုကြောင့် လင်းခေးမြို့နယ်၊ ပုန်းထွန်ကျေးရွာ နမ့်တိန်းချောင်းနံဘေးရှိ ကျေးရွာချင်းဆက် ကိုယ်ထူကိုယ်ထ သစ်ဝါးတံတားသည် ယနေ့နံနက်ပိုင်းက ကျိုးကျမှု ဖြစ်ခဲ့ကြောင်း သိရသည်။
၄င်းတံတားသည် ပုန်းထွန်ကျေးရွာနှင့် တစ်ဘက်ကမ်းရှိ ဟွေဟေးကျေးရွာရှိအများ ပြည်သူတို့ ဖြတ်သန်းသွား လာ နိုင်ရေးနှင့် စိုက်ပျိုးရေးလုပ်ငန်းများ၊ မြို့သို့စီးပွားကူးသန်းသွားလာရေးလွယ်ကူစေရန်တို့ကို ရည်ရွယ်ကာ ရွာသူ/သားများ၏ ကိုယ့်အားကိုယ်ကိုး (ကိုယ်ထူကိုယ်ထ သစ်ဝါးတံတား) အဖြစ် စုပေါင်းလုပ်အားဒါနဖြင့် ယခုနှစ်အတွင်းမှ စတင်တည်ဆောက်ထားရှိသည့် တံတားငယ်တစ်စင်းဖြစ်ကြောင်း တံတားအနီးရှိ ပုန်းထွန်ရွာသား တစ်ဦးထံမှ သိရသည်။
အဆိုပါတံတားမရှိသေးမီကာလများ၌ လှေငယ်များအား အသုံးပြုကာ၊ ကျေးရွာနှစ်ရွာ ကူးလူးဆက်ဆံ သွားလာနေခဲ့ကြရပြီး၊ တံတားတည်ဆောက်ပြီးချိန်တွင် သွားလာမှုအဆင်ပြေလျက်ရှိကြောင်း၊ ယခုကဲ့သို့ ရေတက်ပျက်စီးသွားသောအခါ ဖြတ်သန်းသွားလာရေး အခက်အခဲအနည်းငယ် ပြန်လည်တွေ့ကြုံ လာနိုင်မည် ဖြစ်ကြောင်း၊ ပြန်လည်ပြုပြင်မွမ်းမံတည်ဆောက်သွားနိုင်ရေးအား ကျေးရွာနေပြည်သူများမှ မျှော်လင့်လျက်ရှိ ကြောင်း၊ တံတား၏အရှည်မှာ ခန့်မှန်းပေ (၅ဝဝ) ပေအထက် ရှိပြီး၊ လူလျှောက်လမ်း (ဝါးကပ်ခင်း) အကျယ်၃ ပေခွဲခန့်ရှိသော သစ်ဝါးတံတားဖြစ်ကြောင်း ရွာသူ/သားများထံမှ သိရသည်။
စိုင်းဇော်လတ်(လင်းခေး)