ငါ့သရောက်မြို့တွင် ပပြားဆည်ကိုအမှီပြုပြီး စိုက်ပျိုးထားရှိသည့် စပါးစိုက်ခင်းများ အထူးကောင်းမွန်

ငါ့သရောက် အောက်တိုဘာလ ၁၂

မန္တလေးတိုင်းဒေသကြီး၊ ငါ့သရောက်မြို့၊ အမှတ် (၂) ပျဉ်ပင်ရပ်ကွက်ရှိ တောင်သူများမှ ပပြားဆည်ရေကိုအမှီပြုပြီး စိုက်ပျိုးထားသော စပါးစိုက်ခင်းများမှာ အထူးကောင်းမွန်လျက်ရှိကြောင်း သိရသည်။

ငါ့သရောက်မြို့၊ အမှတ် (၂) ပျဥ်ပင်ရပ်ကွက်ရှိ တောင်သူများက ပပြားဆည်ရေကို အသုံးပြုပြီး ဂန္ဓမာပန်း၊ မေမြို့ပန်း၊ ရေကန်စွန်း၊ ခရမ်းချဉ်သီး၊ စပါး၊ ခရမ်းစသည့် သီးနှံများကို စိုက်ပျိုးကြကြောင်း သိရသည်။ ယခုအခါ ဝါဆိုလက စတင်ပျိုးထောင်ကာ စိုက်ပျိုးထားသော စပါးစိုက်ခင်များမှာ အထူးကောင်းမွန်ပြီး အနှံများစတင်ထွက်ရှိနေပြီဖြစ်ကြောင်း သိရသည်။ ငါ့သရောက်မြို့တွင် ကျေးရွာပေါင်း ၃၃ ရွာရှိသည့်အနက် အမှတ် (၂) ပျဉ်ပင်ရက်ကွက်တစ်ခုသာ စပါးကိုစိုက်ပျိုးပြီး အခြာကျေးရွာများမှာ စိုက်ပျိုးရန်ဆည်မြောင်းတာတံမံ မရှိသောကြောင့် စိုက်ပျိုးခြင်းမရှိပေ။ ငါ့သရောက်မြို့သည် မြန်မာနိုင်ငံ မိုးနည်းဒေသဖြစ်သည့်အလျောက်ရေလှောင်တာတံမံများ နည်းပါး သောကြောင့် အဓိကသီးနှံဖြစ်သည့် မြေပဲ၊ ပဲစင်းငုံ၊ ပြောင်း၊ ပဲတီစိမ်း၊ နေကြာစသည့် သီးနှံတွေကိုသာ အများအပြားစိုက်ပျိုးကြကြောင်း သိရသည်။ အမှတ် (၂) ပျဉ်ပင်ရပ်ကွက်သည် ပပြားဆည်ရှိနေသောကြောင့် စိုက်ပျိုးရေလုပ်ငန်းများကို လုပ်ကိုင်လျက်ရှိကြောင်းသိရသည်။

ငါ့သရောက်မြို့တွင် စပါးစိုက်ပျိုးဧက (၁၀) ဧကသာ ရှိကြောင်းသိရပြီး ဆင်းသုခ စပါးမျိုး တစ်ခုတည်းကိုသာ စိုက်ပျိုးကြောင် စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးမျိုးထက်ထန် ထံမှသိရသည်။ ယခုအခါအသီးအနှံများစတင်ထွက်ရှိနေပြီး စပါးတစ်ဧကကို တင်းရေ (၆၀) မှ (၇၀) အထိထွက်ရှိနိုင်ကြောင်းအမှတ် (၂) ပျဉ်ပင်ရပ်ကွက်ရှိ စပါးစိုက်တောင်သူ ဦးဗိုလ်ဆန်းမှ ခန့်မှန်ထားကြောင်း သိရသည်။

P.W.A (ပြန်/ဆက်)