သီပေါ အောက်တိုဘာ ၁၂
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club)၊ အမျိုးသမီးအသင်း (Women Club)နှင့် လူငယ်အသင်း(Yoth Club)တို့ ပူးပေါင်း၍စာပေဝါသနာရှင်များ စာပေအသိအမြင် ဗဟုသုတများ ဆွေးနွေးဖလှယ်နိုင်စေရန်နှင့် စာပေဖတ်ရှုသည့် အလေ့အကျင့် ကောင်းများ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ယနေ့နံနက် (၉)နာရီ က စာဖတ်ဝိုင်းဆွေးနွေးပွဲ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်နီလာစိုးက စာဖတ်ဝိုင်းဆွေးနွေးပွဲပြုလုပ်ရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားပြီးနောက် စာဖတ်ဝိုင်း ဆွေးနွေးပွဲအား ဆက်လက်ဆောင်ရွက်ခဲ့ရာ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင် ဦးစည်သူမျိုး၊ ဦးမျိုးကိုကို၊ အမျိုးသမီးအသင်း (Women Club) အဖွဲ့ဝင် ဒေါ်ဝေမာမြင့်၊ လူငယ်အသင်း (Yoth Club) အဖွဲ့ဝင် စိုင်းသီဟနိုင်၊ နန်းခမ်းအိမ်တို့က ၂၀၂၂ခုနှစ်၊ အောက်တိုဘာလ (၁)ရက်နေ့ထုတ် ဒို့ကျေးရွာဂျာနယ် အတွဲ(၁၉)၊ အမှတ်(၁၉)မှ “ကင်ဆာရောဂါဆိုင်ရာသိသင့်သည့် အချက်များ” ကျန်းမာရေးဆောင်းပါးပါ အကြောင်းအရာများနှင့် ပတ်သက်၍ ၄င်းတို့၏ အတွေး၊ အသိ၊ အမြင်များကို အသီးသီး အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။
စာဖတ်ဝိုင်းဆွေးနွေးပွဲကို ဖွဲ့စည်းထားသော Club အသင်းအဖွဲ့များနှင့်လည်းကောင်း၊ စာပေဝါသနာရှင်များနှင့်လည်းကောင်း မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနခန်းမတွင် လစဉ်ပြုလုပ်ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။
ခင်လေး(သီပေါ၊ပြန်/ဆက်)