မြစ်သား အောက်တိုဘာ ၁၂
မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် မိသားစုတစ်ပိုင်တစ်နိုင် အိမ်တွင်းမှုလုပ်ငန်းလုပ်ကိုင်ပြီး အပိုဝင်ငွေရရှိစေရန်ရည်ရွယ်၍ ဆပ်ပြာဆီပြုလုပ်နည်း (အခမဲ့) သင်တန်းကို ယနေ့နံနက် (၁၁) နာရီက ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သီတာအောင်က ဆပ်ပြာဆီပြုလုပ်နည်းသင်တန်း ဖွင့်လှစ်ရခြင်းရည်ရွယ်ချက်များပြောကြားပြီး သင်တန်းနည်းပြဖြစ်သော ဒေါ်ခင်သီတာထွန်း (ပညာရေးမှူးရုံး) က ဆပ်ပြာဆီပြုလုပ်ပုံအဆင့်ဆင့်ကို စာတွေ့သင်ကြားမှတ်သားစေခြင်းနှင့် ဆပ်ပြာဆီပြုလုပ်နည်းတွင် ပါဝင်ပစ္စည်းများဖြစ်သည့် ဆပ်ပြာဂျယ်၊ အမြုပ်ထွက်ပေါ်စေသော ပစ္စည်း (SLS)၊ ဆားပျစ် (NACL)၊ အရောင်၊ အနံ့အစရှိသည့် ပစ္စည်းများ ထည့်ရာ၌ တစ်ဆင့်ချင်း အချိုးအစားအလိုက် ထည့်နည်းနှင့် ဆပ်ပြာဆီပြုလုပ်စဉ် မွှေသည့်အခါ၌ မွှေပုံမွှေနည်းမှာ အလွန်အရေးကြီးကြောင်း စသည့်အကြောင်းအရာတို့ကို သင်တန်းသား တစ်ဦးချင်း စီအား လက်တွေ့ပြုလုပ်နည်း သင်ကြားပေးခဲ့ကြောင်း သိရသည်။
အဆိုပါ သင်တန်းသို့ (Women Club) အဖွဲ့ဝင်များ၊ ပညာရေးဝန်ထမ်းများနှင့် မြို့ပေါ်ရပ်ကွက်များမှ စိတ်ပါဝင်စားသည့် ကျောင်းသူလေးများနှင့် စာဖတ်ပရိသတ်များစုစုပေါင်း သင်တန်းသား (၁၂) ဦး တက်ရောက်သင်ကြားခဲ့ကြောင်း သိရသည်။
သီတာအောင်(မြစ်သား)