ကမာဝက်မြို့ရှိ ဆံတော်ရှင် ကျိုက်တမော့စေတီတော် ဗုဒ္ဓပူဇနိယပွဲတော်ကို သုံးရက်တိုင်တိုင်ကျင်းပ

မုဒုံ အောက်တိုဘာ ၁၂

မွန်ပြည်နယ် မုဒုံမြို့နယ် ကမာဝက်မြို့ရှိ ဆံတော်ရှင် ကျိုက်တမော့စေတီတော်  ဗုဒ္ဓပူဇနိယပွဲတော်ကို နှစ်စဉ်သီတင်းကျွတ်လပြည့်ကျော် (၆)ရက်မှ (၈)ရက်နေ့အထိ သုံးရက်တိုင်တိုင် ကျင်းပလေ့ရှိကြောင်း သိရသည်။

၁၃၈၄  ခုနှစ်  သီတင်းကျွတ်လပြည့်ကျော် ၅ ရက်နေ့တွင် ဆံတော်ရှင် ကျိုက်တမော့ စေတီတော် မုခ်ဝဖွင့်ပွဲနှင့် အလေးချိန်  ၆၀၀  ပိဿာကျော်ရှိသည့် ခေါင်းလောင်းလှူ ဒါန်းရေစက်ချပွဲကို ကျင်းပမည်ဖြစ်ကြောင်း၊ လပြည့်ကျော် ၆ ရက်နေ့တွင် ဆွမ်းကြီး လောင်းလှူပွဲနှင့် ပဒေသာပင်လောင်းလှူပွဲ၊ လပြည့်ကျော် ၇ ရက်နေ့တွင် ဒေသစာရီ လှည့်လည်ပူဇော်ခံပွဲ ကျင်းပမည်ဖြစ်ကြောင်း၊ တောင်တက်ဘုရားပွဲ အစီအစဥ်အဖြစ် သီတင်းကျွတ်လပြည့်ကျော် ၆ ရက်မှ ၈ ရက်နေ့အထိ နံနက် (၄)နာရီမှ ညနေ(၅)နာရီ အထိသာ တောင်တက်ခွင့်ပြုမည်ဖြစ်ကြောင်းနှင့် ကျိုက်တမော့စေတီတော်သို့ တောင်တက်လိုသည့် အနယ်နယ်အရပ်ရပ်က မိဘပြည်သူများမှ ခြေလျင်၊ တောင်တက်ကား ဖြင့်တက်ရောက်နိုင်ပြီး မော်တော်ဆိုင်ကယ်ဖြင့် တက်ရောက်ခွင့်မပြုကြောင်း ဂေါပကအဖွဲ့ထံမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

ဆံတော်ရှင် ကျိုက်တမော့ဘုရားပွဲနှင့်အတူ ကမာဝက်မြို့ရှိ ဆံတော်ရှင် ကျိုက်ဇယ်စေတီတော်၊ ဓာတ်တော်ပေါင်းစုံများကိုလည်း ဖူးမြော်လေ့လာနိုင်ကြောင်း၊ ဘုရားဖူးပြည်သူများ လာရောက်ပါက ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ဖူးမြော်ကြည်ညိုနိုင်ရန် အသိပေးနှိုးဆော်ထားကြောင်း သိရသည်။

သားငယ် (ပြန်/ဆက်)