ရသေ့တောင် အောက်တိုဘာ ၁၂
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့ နံနက်၁၁နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ဥပဒေရုံးတို့ ပူးပေါင်း၍ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး Talk Show ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ရသေ့တောင်မြို့ နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်တင်ဇာဦးက ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး Talk Show ပြုလုပ်ရသည့် ရည်ရွယ်ချက်နှင့် Online မှတဆင့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ ရသေ့တောင်မြို့နယ်ဥပဒေရုံးမှ မြို့နယ်ဥပဒေအရာရှိ ဒေါ်အေးငြိမ်းငြိမ်းစံက ကလေးအလုပ်သမားဆိုသည်မှာ ဥပဒေကခွင့်ပြုထားသည့် အသက်အရွယ်အောက် ငယ်ရွယ်သူကိုခေါ်ဆိုကြောင်း၊ နိုင်ငံတော်မှ မြန်မာနိုင်ငံရှိ ကလေးအလုပ်သမားများနှင့် ပတ်သက်၍ အကာအကွယ်ပေးထားသည့် ဥပဒေများရှိကြောင်း၊ ကလေးအလုပ်သမားပပျောက်ရေးအတွက် တိုင်းဒေသကြီး/ ပြည်နယ်အလိုက် လုပ်ငန်းစီမံချက်များ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ၁၈-၁၂-၂၀၁၃ ရက်နေ့တွင် ILO CONVENTION 182 ကို အတည်ပြုလက်မှတ်ရေးထိုးခဲ့ပါကြောင်း၊ မြန်မာနိုင်ငံကလေးအလုပ်သမားပပျောက်ရေးနှင့် ပတ်သက်၍ မြန်မာနိုင်ငံကလေးပပျောက်ရေးဆိုင်ရာ အမျိုးသားကော်မတီ၊ တိုင်းဒေသကြီး/ ပြည်နယ် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာကော်မတီ၊ လုပ်ငန်းဆပ်ကော်မတီများ ဖွဲ့စည်း၍ ဆောင်ရွက်လျက်ရှိပါကြောင်း အသိပညာပေး ဆွေးနွေးပြောကြားခဲ့သည်။
ကလေးအလုပ်သမားပပျောက်စေရေးအတွက် အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား၊ မိဘ(သို့) အုပ်ထိန်းသူ၊ သက်ဆိုင်ရာ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအလိုက် ရပ်မိ/ ရပ်ဖများနှင့် လူမှုမိတ်ဖက်အဖွဲ့အစည်းများ အားလုံးပူးပေါင်း၍ အမျိုးသားရေးတာဝန် တစ်ရပ်အနေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ရမည်ဖြစ်ကြောင်း သိရသည်။
ထွန်းလင်းကျော် (ပြန်/ဆက်)