တံတားဦးမြို့နယ်တွင် မုန်တိုင်းဘေး အန္တရာယ် ကြိုတင်ကာကွယ်ရေးဆိုင်ရာ အသိပညာပေးခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်

တံတားဦး အောက်တိုဘာ ၁၂

တံတားဦးခရိုင် တံတားဦးမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနနှင့် မီးသတ်ဦးစီးဌာနတို့ ပူးပေါင်းပြီး မုန်တိုင်ဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးဆိုင်ရာအသိပညာပေးခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်းကိုယနေ့နံနက်(၉)နာရီက တံတားဦးမြို့ အမှတ်(၃)ရပ် ကွက် မကျီးတောရပ်၌ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပညာပေးခြင်းနှင့် ဇာတ်တိုက်လေ့ကျင်ခြင်းတွင်   တံတားဦးမြို့နယ် မီးသတ်ဦးစီးဌာန မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်သူအောင်က သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးဆိုင်ရာ အသိပညာပေးပြောကြားရာတွင် သဘာဝဘေးအန္တရာယ်အမျိုးမျိုးမှ ကြုံ တွေ့ရသည့်အခါ အရေးပေါ် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဘေးအန္တရာယ်ကြုံတွေ့လာပါက အချိန်နှင့် တစ်ပြေးညီ လျင်မြန်စွာတုန့်ပြန် ဖြေရှင်းပေးနိုင်ရန် စဉ်ဆက်မပြတ်ဖြေရှင်းဆောင်ရွက်ပေးနိုင်ရန် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဒါ့အပြင် မုန်တိုင်းဘေးကြောင့် ပြိုကျပျက်စီးသည့်အရာကို အသွင်သဏ္ဍာန်တူ ပြုလုပ်၍လေ့ကျင်မှုများပြုလုပ်ခြင်းဖြစ်ကြောင်း‌ပြောကြားပြီး မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှဦးစီးမှူး ဒေါ်အိဖြူဖြူနှင်းက မုန်တိုင်းဘေးအန္တရာယ်ဆိုင်ရာများကို အကျယ်တဝင့် ရှင်းလင်း ပြောကြားသည်။

ဆက်လက်ပြီး  မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက ဇာတ်တိုက်လေးကျင့်ခြင်းကိုပြုလုပ်ရာ မုန်တိုင်းဘေး ဒဏ်ကြောင့် ပြိုကျပျက်စီး၍ ပိမိနေသော လူနာများအား ရှာဖွေကယ်ဆယ်ရေး ပစ္စည်းများအသုံးပြု၍ ရှာဖွေကယ်ဆယ်ခြင်း၊  ပိတ်မိနေသောလူနာအား Hydraulic Cutter၊ Hydraulic Spreader  အသုံးပြု ပြီး ကယ်ထုတ်နည်း၊  Lifting Bag အသုံးပြုပြီး ကျောက်ပြားအတွင်း၌ ပိတ်မိနေသူအား ကယ်ထုတ်နည်း၊ Carabiner အသုံးပြုပြီး အဆောက်အဦအတွင်း ပိတ်မိနေသူအား ကယ်ဆယ်နည်းနှင့် လူနာအား ရှေးဦးပြုစုခြင်းနည်းများဖြင့် အသက်ကယ်နည်းတို့အား လက်တွေ့သရုပ်ပြဇာတ်တိုက် လေ့ကျင့်ခဲ့ကြ သည်။

တံတားဦးမြို့နယ် မီးသတ်ဦးစီးဌာနအနေဖြင့်  မီးဘေး၊ ရေဘေး၊ လေဘေး၊ ငလျင်ဘေး စရှိသည့် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် တုံပြန်ရေးဆိုင်ရာ အသိပညာပေးခြင်း၊ ဇာတ်တိုက်လေ့ကျင့်ခြင်းတို့အား အဆက်မပြတ်ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ် မီးသတ်ဦးစီးမှူး ဦးကျော်သူအောင် ထံမှသိရသည်။ ထို့နောက် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ ဝန်ထမ်းများက မုန်တိုင်းဘေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များကို ဖြန့်ဝေပြီး ရပ်ကွက်အတွင် မုန်တိုင်းဘေးဆိုင်ရာများကို Hand Speaker ဖြင့် လှည့်လည်အသိပေးကြေငြာခဲ့ကြောင်း သိရသည်။

ရဲတင့်(ပြန်/ဆက်)