မိတ္ထီလာမြို့၌ (၅၂)ကြိမ်မြောက် မသိုးသင်္ကန်းပြိုင်ရက်ပူဇော်ပွဲနှင့် ဆွမ်းသပိတ်လောင်းလှူပွဲကျင်းပမည်

မိတ္ထီလာ အောက်တိုဘာ ၁၂

မိတ္ထီလာမြို့ နန်းတော်ကုန်းရပ်ကွက်တွင် တည်ထားကိုးကွယ်သော နဂါးရုံမဟာဗောဓိစေတီတော်၏ (၅၂) ကြိမ်မြောက် မသိုးသင်္ကန်းပြိုင်ရက်ပူဇော်ပွဲနှင့် ဆွမ်းသပိတ်လောင်းလှူပွဲကို ကျင်းပပြုလုပ် သွားမည်ဖြစ်ကြောင်း အဆိုပါစေတီတော်ဂေါပကအဖွဲ့တာဝန်ရှိသူထံက သိရသည်။

နဂါးရုံမဟာဗောဓိစေတီတော်ရဲ့ (၅၂)ကြိမ်မြောက် မသိုးသင်္ကန်းပြိုင်ရက်ပူဇော်ပွဲနဲ့ ဆွမ်းသပိတ် လောင်းလှူပွဲကို ကျင်းပပြလုပ်သွားမှာဖြစ်ပြီး တေးဂီတဖျော်ဖြေပွဲတို့၊ ပျော်ပွဲရွှင်ပွဲတွေတော့ ထည့်သွင်းပြုလုပ်သွား မှာ မဟုတ်ပါဘူး။ တန်ဆောင်မုန်းလဆန်း ၁၄ ရက်နေ့ ညနေပိုင်းက စတင်ပြီး မသိုးသင်္ကန်းပြိုင်ရက်ပူဇော် ပွဲကို စတင်မှာဖြစ်ပြီး ပြိုင်ရက်ပူဇော်ပွဲကရရှိလာတဲ့ မသိုးသင်္ကန်းတွေကို တန်ဆောင်းမုန်းလပြည့်နေ့နံနက် အရုဏ်မတက်မီအချိန်က နဂါးရုံမဟာဗောဓိစေတီတော်အတွင်း မှာရှိတဲ့ ဗုဒ္ဓရုပ်ပွားဆင်းတုတော်များထံ ဆက်ကပ်လှူဒါန်းသွားမှာဖြစ်ပါတယ်။ မသိုးသင်္ကန်းပြိုင် ရက်ပွဲမှာ ယက္ကန်းစင် ၄ စင်နဲ့ နှစ်စဉ်ကုသိုလ်ယူ ပြိုင်ပွဲဝင်နေကျဖြစ်တဲ့ ကက္ကူကန်၊ညောင်ပင်လျှို စတဲ့ကျေးရွာတွေက အမျိုးသမီးယက္ကန်းအဖွဲ့၄ ဖွဲ့က ပါဝင်ရက်လုပ်ယှဉ်ပြိုင်မှာဖြစ်ပါတယ်ဟု နဂါးရုံမဟာဗောဓိစေတီတော်ဂေါပကအဖွဲ့မှ ဦးညီညီမောင်က ပြောသည်။

အဆိုပါမသိုးသင်္ကန်းပြိုင်ရက်ပူဇော်ပွဲနှင့် အတူ မြို့နယ်အတွင်းရှိကျောင်းတိုက်များမှ ပင့်သံဃာတော်များအား ဆွမ်းသပိတ်များဆက်ကပ်လောင်းလှူပွဲကို တန်ဆောင်းမုန်းလပြည့်နေ့ နိုဝင်ဘာလ ၇ ရက်နေ့နံနက် ၅နာရီအချိန်၌ နဂါးရုံမဟာဗောဓိစေတီတော် ပညာဓိကတန်ဆောင်းအတွင်း ကျင်းပသွားမည်ဖြစ်ပြီး ဆွမ်းသပိတ်လောင်းလှူလိုသူများအနေဖြင့် ဆွမ်းသပိတ်တစ်လုံး ၇ဝဝဝ ကျပ်နှုန်းဖြင့် အဆိုပါစေတီတော် ဂေါပကအဖွဲ့ထံသို့ ဆက်သွယ်စာရင်းပေး လှူဒါန်းနိုင်ကြောင်း သိရသည်။

ချမ်းသာ