ပူတာအိုမြို့၌ ဒီဇယ်တစ်လုံးထိုးအင်ဂျင်စက်ပြင်သင်တန်းဖွင့်လှစ်

ပူတာအို အောက်တိုဘာ ၁၂

အလုပ်သမားဝန်ကြီးဌာန၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ ကချင်ပြည်နယ်ကလေးအလုပ်သမား ပပျောက် ရေးကော်မတီ၏ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်း ဆပ်ကော်မတီ၊ စက်မှုလယ်ယာဦးစီး ဌာနနှင့် Beulah Land လူမှုကူညီရေးအသင်းတို့ပူးပေါင်းမှုဖြင့်ဖွင့်လှစ်သည့် ဒီဇယ်တစ်လုံးထိုးအင်ဂျင်စက်ပြင် သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်(၁၀)နာရီက ပူတာအိုမြို့ ကောင်ကထောင်ရပ်ကွက်(၂)ရှိ ရဝမ်နှစ်ခြင်း အသင်းတော်ဘုရားကျောင်း၌ ကျင်းပသည်။

အခမ်းအနားတွင် ကချင်ပြည်နယ် ကလေးအလုပ်သမား ပပျောက်ရေးကော်မတီ၏ အလုပ်အကိုင်အခွင့်အလမ်း များ ဖန်တီးပေးရေးလုပ်ငန်းဆပ်ကော်မတီ အတွင်းရေးမှူး၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဦးဟန်စောလင်းက ဆပ်ကော်မတီအနေဖြင့် အလုပ်အကိုင်များ ရရှိရေးဖန်တီးပေးခြင်း၊ ချိတ်ဆက်ဆောင်ရွက်ပေးခြင်း၊ အသေးစား အလတ်စားလုပ်ငန်းများ ဈေးကွက် မြင့်တင်ပေးခြင်း၊ ဒေသထွက် ထွက်ကုန်ပစ္စည်းများကို တန်ဖိုးမြှင့်ပစ္စည်းများ ထုတ်လုပ်နိုင်ရေး နည်းပညာ ထောက်ပံ့ပေးခြင်း၊ ဈေးကွက်နှင့် ချိတ်ဆက်ပေးခြင်း၊ အလုပ်အကိုင်ပေးလိုသော ဌာနများနှင့် ချိတ်ဆက်ပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိ ကြောင်း၊ နိုင်ငံတော်၏ စီးပွားရေးဦးတည်ချက်ဖြစ်သည့် ပြည်တွင်းထုတ်လုပ်မှုလုပ်ငန်းများကို အားပေးကူညီ ဆောင်ရွက်သည့်အခါ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေး ဦးတည်ချက်နှင့်အညီ ကျွမ်းကျင်မှု သင်တန်းများကို ဖွင့်လှစ်ပေးခြင်းဖြစ်ပါကြောင်းနှင့် သင်တန်းဖွင့်လှစ် ရခြင်း၏ရည်ရွယ်ချက်များကို ပြောကြား ပြီး အခမ်းအနားတက်ရောက်လာသူများက စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။

အဆိုပါ သင်တန်းတွင် မြို့နယ်စက်မှုလယ်ယာဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုးသိန်း၏ အနီးကပ် ကြီးကြပ်မှုဖြင့် သင်တန်းနည်းပြသုံးဦးတို့က Cylinder Block Assembly ၊ Cylinder Head Assembly ၊ Crankshaft and Balancing shaft Assembly ၊ Fuel System ၊ Gear Casing Assembly အစိတ်အပိုင်းများကို ပူတာအိုခရိုင် အတွင်းရှိ ကျေးရွာ (၂၅)ရွာမှ သင်တန်းသားစုစုပေါင်း(၄၀)ဦးတို့ကို အောက်တိုဘာ (၁၁)ရက်နေ့မှ (၂၂)ရက်နေ့ အထိ သင်တန်းကာလ နှစ်ပတ်ကြာ စာတွေ့လက်တွေ့သင်ကြားပို့ချပေးသွား မည်ဖြစ်ကြောင်း သိရသည်။

ဖုန်ကန်(ပူတာအို)