ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့တွင် အခြေခံရှေးဦးပြုစုခြင်း သင်တန်း(၂/၂၀၂၂) ဖွင့်ပွဲအခမ်းအနားကျင်းပ

လောက်ကိုင် အောက်တိုဘာ ၁၁

ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့အတွင်းရှိ ဒေသခံပြည်သူများအား စနစ်တကျဆေးကုသပေးမည့် ဆရာဝန်များထံသို့မရောက်မီ အသက်ဆုံးရှုံးမှုမရှိစေရန်အတွက် အခြေခံရှေးဦးသူနာပြုစုနည်းဖြင့် ဦးစွာပြုစုစောင့်ရှောက်မှုပေးသည့် နည်းစနစ်များကို သင်ကြားပို့ချပေးနိုင်ရန် ရည်ရွယ်ပြီး  အခြေခံရှေးဦးပြုစုခြင်းသင်တန်း (၂/၂၀၂၂)ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်(၁၀)နာရီ အချိန်က အမှတ်(၂)ရပ်ကွက်၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေး ဥက္ကဋ္ဌ ဦးသိန်းဇော်ဦးက မိမိတို့ကျောင်းတွင်းမှာ သာမက မိမိတို့ပတ်ဝန်းကျင်မှာရှိတဲ့ ထိခိုက်ဒဏ်ရာရရှိသူများ နာမကျန်းဖြစ်နေသူများအား မိမိတို့တတ်မြောက်ထားသော အခြေခံရှေးဦးပြုစုခြင်း သင်ခန်းစာများအား လက်တွေ့နယ်ပယ်တွင် အသုံးချ၍ မိမိတို့၏ ပတ်ဝန်းကျင်ရှိ လူသားများအား အကျိုးပြုရန်မှာကြားခဲ့သည်။ ယင်းနောက် ဒုတိယမြို့နယ်ပညာရေးမှူး ဦးထွန်းအောင်ကျော်က ယနေ့သင်တန်းတက်ရောက်ကြမည့် ကျောင်းသား/ကျောင်းသူများအနေဖြင့် သင်တန်းကာလကို ပြီးမြောက်သည်အထိ တက်ရောက်သင်ကြားကြရန်နှင့် ကြိုးစားလေ့ကျင့်ကြရန်တို့ကိုမှာကြားခဲ့ကြောင်း သိရသည်။

အဆိုပါသင်တန်းသို့ လောက်ကိုင်မြို့ရှိ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်းတို့မှ ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၆၀)ဦးခန့် တက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ (၁၁-၁၀-၂၀၂၂ ရက်နေ့မှ ၁၃-၁၀-၂၀၂၂ ရက်နေ့ထိ) (၃)ရက် ဖွင့်လှစ်ပို့ချပေးသွားမည်ဖြစ်ကြောင်းနှင့် အခြေခံရှေးဦးသူနာပြုစုခြင်း သင်တန်း တက်ရောက်ပြီးချိန်တွင် မိမိတို့ကျောင်းသား/ကျောင်းသူများအတွက်သာမက မိမိမိသားစုများကို အသက်အန္တရာယ် တစ်စုံတစ်ရာ ထိခိုက်မှုမရှိစေရေးအတွက် အခြေခံရှေးဦးသူနာပြုစုခြင်းသင်တန်း ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးထံက သိရသည်။

လောက်ကိုင်(ပြန်/ဆက်)