ဒဂုံဆိပ်ကမ်း အောက်တိုဘာ ၁၁
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် မြို့နယ်အခြေခံပညာဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီအသင်းခွဲတို့ပူးပေါင်း၍ ကျောင်းသား/ကျောင်းသူများအား ရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်းအမှတ်စဉ် ၉/၂၀၂၂ ဖွင့်ပွဲကို ယနေ့နံနက်(၉)နာရီက ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် အမှတ်(၄)အခြေခံပညာ အထက်တန်းကျောင်းတွင် ကျင်းပခဲ့ကြောင်းသိရသည်။
အဆိုပါသင်တန်းကို မျိုးဆက်သစ်လူငယ်မောင်မယ် ကျောင်းသား/ကျောင်းသူများ ကြက်ခြေနီတပ်ဖွဲ့၏အခြေခံမူများ၊ ကြက်ခြေနီစိတ်ဓာတ်ကောင်းများ ရှင်သန်မွေးမြူဆောင်ရွက်နိုင်ရေးနှင့်လူမှုကူညီရေးလုပ်ငန်းများ၊ ဘေးအန္တရာယ်ဆိုင်ရာများကြိုတင်ကာကွယ်ရေးကိစ္စရပ်များကို ပူးပေါင်းပါဝင်ဆောင်ရွက်တတ်စေရန်၊ မတော်တဆဖြစ်ပွားတတ်သောအန္တရာယ်များနှင့်ဘေးအန္တရာယ်များ ကြုံတွေ့လာပါက မျိုးဆက်သစ်လူငယ်မောင်မယ်များက ကြက်ခြေနီစိတ်ဓာတ် ရှေးဦးပြုစုခြင်းလုပ်ငန်းများ၊ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်စေရန်ရည်ရွယ်၍ ရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်းဖွင့်လှစ်ပေးရခြင်းဖြစ်သည်။
အဆိုပါသင်တန်းတွင် အရှေ့ပိုင်းခရိုင်၊ ကြက်ခြေနီတပ်ဖွဲ့မှူးဦးခင်သန်းက ကြက်ခြေနီအကြောင်းသိကောင်းစရာများကိုလည်းကောင်း၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူးဦးဇော်မျိုးထိုက်က ရှေးဦးပြုစုခြင်းသင်ခန်းစာများကို ရှင်းလင်း ပြောကြားသည်။
ရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်းအမှတ်စဉ် ၉/၂၀၂၂ ကို အောက်တိုဘာလ ၁၁ ရက်နေ့မှ ၁၃ ရက်နေ့အထိ ကျောင်းသား/ကျောင်းသူများအား သီတင်းကျွတ်ကျောင်းပိတ်ရက် အားလပ်ချိန်၌ ရှေးဦးပြုစုခြင်း(အခြေခံ)ရက်တို သင်တန်းဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း၊ အခြေခံပညာကျောင်းများမှ ကျောင်းသား/ကျောင်းသူ(၃၄)ဦးတက်ရောက်ပြီး သင်တန်းနည်းပြများအဖြစ် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးဇော်မျိုးထိုက်နှင့်တပ်ဖွဲ့ဝင်များက အခြေခံရှေးဦးပြုစုခြင်း ဘာသာရပ်များကို စာတွေ့၊ လက်တွေ့သင်ကြားပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
အေးမဥ္ဇူ(ပြန်/ဆက်)