ရန်ကင်း အောက်တိုဘာ ၁၁
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် စာပေချစ်မြတ်နိုးသူများ၊ စာပေဝါသနာပါသူများ၊ စာအုပ်စာစောင်ဖတ်ရှုလိုသူများ၊ လူငယ်လူရွယ်များ အသိပညာဗဟုသုတရရှိစေရန်၊ စာပေတန်ဖိုးကို သိရှိနားလည်နိုင်စေရန်နှင့် စာပေဖတ်ရှုလေ့လာရာမှ စဉ်းစားတွေးခေါ်မှု ရင့်သန်စေရန်ရည်ရွယ်၍ ယနေ့နံနက် ၁၀:၃၀ နာရီက စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲတို့ကို ပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သို့ဖြစ်ရာ နံရံကပ်စာစောင်တွင်လည်း ကိုဗစ်-၁၉ဆိုင်ရာ ကျန်းမာရေးအသိပညာပေး အကြောင်းအရာများ၊ စာစောင်များ၊ ကလေးအလုပ်သမားပပျောက်ရေး ဗီနိုင်းပါ အသိပညာပေးများ၊ လူငယ်များမူးယစ်နွံထဲသို့ မကျရောက်စေရန် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးအကြောင်းအရာများကို ဗဟုသုတဖြစ်ဖွယ် ပြသထားသည်။
ထို့နောက် စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို စာပေစိတ်ဝင်စားသူပြည်သူများ၊ လူငယ်လူရွယ်များ၊ ကျောင်းသား/သူများက စိတ်ပါဝင်စားစွာ လာရောက်ကြည့်ရှုလေ့လာကာ သိရှလိုသည်များ မေးမြန်းခဲ့ကြပြီး ပြပွဲကို ကျန်းမာရေးဝန်ကြီးဌာနမှ လမ်းညွှန်ထားသည့် ကိုဗစ်-၁၉ ရောဂါကြိုတင်တားဆီးကာကွယ်ရေးဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။
အိရွှေစင်(ပြန်/ဆက်)