မင်္ဂလာဒုံ အောက်တိုဘာ ၁၁
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင် ကြက်ခြေနီကြီးကြပ်မှုကော်မတီ မင်္ဂလာဒုံမြို့နယ်ကြက်ခြေနီအသင်းခွဲ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှ ကြီးမှူးဖွင့်လှစ်သော ရှေးဦးသူနာပြုစုနည်းအခြေခံသင်တန်းကို ထောက်ကြန့်အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း၌ ယနေ့နံနက်(၉)နာရီအချိန်က မြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများအား သင်ကြားပြသမည့် သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ သင်တန်းဖွင့်ပွဲအခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီမှ တိုင်းတပ်ဖွဲ့မှူးဦးထိန်လင်းက သင်တန်းဖွင့်လှစ်ရခြင်းမှာ ရှေးဦးပြုစုနည်းများကို လူငယ်များသိရှိပြီး အသုံးချတတ်စေရန်ရည်ရွယ်၍ ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြောက်ပိုင်းခရိုင်၊ ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးနေဆန်း၊ ထောက်ကြန့်ကျေးလက်ကျန်းမာရေးဌာနမှ ကျန်းမာရေးမှူးဦးထွန်းကျော်နိုင်၊ အမှတ်(၃)အခြေခံပညာအထက်တန်း ကျောင်းတာဝန်ခံဆရာမဒေါ်ရီရီဆွေ၊ မင်္ဂလာဒုံမြို့နယ်ကြက်ခြေနီအသင်းခွဲ မြို့နယ်အလုပ်အမှုဆောင်ဒေါ်ခင်စုစုလွင်တို့က သင်တန်းတွင် သင်ကြားပြသပေးသည့် ပညာရပ်များကို အလေးထားသင်ယူ၍ မိမိတို့ပတ်ဝန်းကျင်တွင် လက်တွေ့အသုံးချတတ်စေရန်စသည်တို့ကို တက်ရောက်အမှာစကားများပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်ကြက်ခြေနီအသင်းခွဲ မြို့နယ်တပ်ဖွဲ့မှူးဦးအေးသွင်က ယခုလို သင်တန်းဖြစ်မြောက်အောင် ကူညီဆောင်ရွက်ပေးသည့်အတွက် ကျေးဇူးတင်စကားပြောကြားခဲ့သည်။
ထိုသင်တန်းကို အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူ(၅၀)ဦး၊ အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူ(၅၀)ဦး၊ အမှတ်(၁၀)အခြေခံပညာအလယ်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူ(၄၀)ဦး စုစုပေါင်း (၁၄၀)ဦးတို့ကို ယနေ့မှစ၍ နံနက်(၉)နာရီမှ မွန်းလွဲ(၃)ခွဲအချိန်ထိ (၃)ရက်ကြာ လက်တွေ့သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
မြတ်သူဇာ (မင်္ဂလာဒုံ)