ကျောက်ဆည်မြို့နယ်တွင် လုပ်သားရှားပါးမှုနှင့် အချိန်ကုန်သက်သာရေး မိုးစပါးစိုက်ခင်း(၅)ဧကအား ဆေးဖြန်းစက်ဖြင့် ဆေးဖြန်းခြင်းသရုပ်ပြ

ကျောက်ဆည် အောက်တိုဘာ ၁၁

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် စက်မှုလယ်ယာဦးစီးဌာနမှ တောင်သူအကျိုးပြုလုပ်ငန်းများဖြစ်သော ထွန်ယက်ရေးဝန်ဆောင်မှုများ၊ ကောက်စိုက်စက်ဖြင့်စိုက်ပျိုးခြင်းများ၊ ကြားပေါင်းလုက်စက်ဖြင့် တမန်းနိုးကြားပေါင်းလိုက်ခြင်းများ၊ ရိတ်သိမ်းခြွေလှေ့ခြင်းများ၊ စက်ပိုင်းဆိုင်ရာလေ့ကျင့်ပညာပေးခြင်းများ၊ လယ်ယာသုံးစက်ကိရိယာရောင်းချပေးခြင်းများနှင့် ပြင်ဆင်ထိန်းသိမ်းခြင်းလုပ်ငန်းများ၊ စက်မှုလယ်ယာ စနစ်ကျလယ်ယာမြေထုတ်ဖော်ပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်(၉)နာရီက မြောင်းဦးကျေးရွာ ကွင်းအမှတ်(၁၈၁)၊ ဦးပိုင်အမှတ်(၃၅-က)တွင် လုပ်သားရှားပါးမှုနှင့် အချိန်ကုန်သက်သာရေး တောင်သူဦးအောင်စိုး၏ မိုးစပါး(၅)ဧကတွင် ဆေးဖြန်းစက်ဖြင့် ဆေးဖျန်းခြင်းသရုပ်ပြပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

သရုပ်ပြပွဲသို့ စပါးစိုက်တောင်သူ(၃၀)ဦးခန့် စိတ်ပါဝင်စားစွာ လာရောက်လေ့လာကြည်ရှုခဲ့ကြောင်းနှင့် ဆေးဖြန်းစက်သည် ဘီးဗြက်ကျဉ်းမြောင်းပြီး အပင်ကြား၊ အတန်းကြားများအတွင်းသို့ ထိခိုက်မှုမရှိဘဲ အကျယ်(၆၅)ပေအထိ မောင်းနှင်အသုံးပြုနိုင်သောကြောင့် အချိန်ကုန်သက်သာခြင်း၊ ဆေးဖြန်းသည့် ဆေးအထွက်နှုန်းအနည်းအများကို လိုအပ်သလို ထိန်းညှိအသုံးပြုနိုင်နိုင်ခြင်း၊ ဆေးလေလွင့်မှုနည်းပါးခြင်း၊ လူလုပ်အားသက်သာခြင်း၊ စသည့် အကျိုးကျေးဇူးများရရှိကြောင်း သိရှိရသည်။

ကျောက်ဆည်မြို့နယ်အနေဖြင့် ၂၀၂၂-၂၀၂၃ မိုးရာသီတွင် ဧရာမင်း၊ မနောသုခ၊ ရွှေမနော်၊ ပေါ်ဆန်းဘေးကြား စပါးမျိုးများ အဓိကထားပြီး ပျိုးထောင်စိုက်ပျိုးခြင်း(၁၄၈၁၈)ဧက၊ တိုက်ရိုက်မျိုးစေ့ချ စိုက်ပျိုးခြင်း(၃၇၆၄၃)ဧက စုစုပေါင်း(၅၂၄၆၁)ဧက စိုက်ပျိုးပြီးဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

သက်မောင်(ကျောက်ဆည်)