ကျောက်ဆည်မြို့တွင် နှစ်စဉ်ကျင်းပမြဲဖြစ်သော ဆင်အကအလှပြိုင်ပွဲ စည်းကားသိုက်မြိုက်စွာကျင်းပရေး ညှိနှိုင်းအစည်းအဝေးကျင်းပ

ကျောက်ဆည် အောက်တိုဘာ ၁၁

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် နှစ်စဉ်ကျင်းပမြဲဖြစ်သော ရိုးရာဆင်လှူပွဲတော်ကို သီတင်းကျွတ်တပြည့်နေ့၊ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာ(၉)နေ့တွင် ရွှေသာလျောင်း ဆုတောင်းပြည့်ဘုရားကြီးတွင် ကျင်းပပြုလုပ်ခဲ့ပြီး ဆင်အကအလှပြိုင်ပွဲကို  ၁၃၈၄ ခုနစ်၊ သီတင်းကျွတ်လပြည့်ကျော်(၁၃)ရက်၊ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာ(၂၂)နေ့တွင် စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၁၀)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်ဆင်အကအလှ ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ၊ ဦးအောင်ဇော်ဦးက ဆင်အကအလှပြိုင်ပွဲကို ၁၃၈၄ ခုနစ်၊ သီတင်းကျွတ်လပြည့်ကျော်(၁၃)ရက်၊ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာ(၂၂)နေ့တွင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဦးဆောင်မှုဖြင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးကြပ်၍ ကျောက်ဆည်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ လူမှုရေးအဖွဲ့အစည်းများဖြင့် စည်းကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားနိုင်ရန်အတွက် ဆင်အကအလှပြိုင်ပွဲ အမှတ်ပေးဒိုင်ချူပ်အဖွဲ့နှင့် အမှတ်ပေးအကဲဖြတ်ဒိုင်များ၊ စောင့်ကြည့်ဒိုင်များ ဖွဲ့စည်းခဲ့ပြီး ပြိုင်ပွဲဝင်ဆင်များ ပါဝင်ယှဉ်နိုင်ရေး ရှင်းလင်းဆွေးနွေးခဲ့သည်။

ဆက်လက်ပြီး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်လာသော လုပ်ငန်းကော်မတီဝင်များ၊ မြို့မိမြို့ဖများ၊ ပြိုင်ပွဲဝင်ဆင်အဖွဲ့များက မိမိတို့ဆောင်ရွက်ရမည့်လုပ်တာဝန်များအား ဆွေးနွေးတင်ပြကြရာ ပြို်ငပွဲကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌက လုပ်ငန်းများအောင်မြင်ရေး ပေါင်းစပ်ညှိနှိုင်းဆွေးနွေးခဲ့ပြီး ဆင်ပွဲတော်တွင် ပါဝင်ယှဉ်ပြိုင်သွားမည့်ဆင်များအား ကြိုတင်ပြင်စရိတ်များ၊ ပြိုင်ပွဲဝင်ကုန်ကျစရိတ်များ ထောက်ပံ့ပေးအပ်သွားမည့်အပြင် ပြိုင်ပွဲတွင် ဘော်ကြယ်ဆင်၊ ရိုးရာဆင်၊ ကလေးဆင်၊ သဘာဝတီထွင်ဆန်းသစ်ဆင် ပြိုင်ပွဲများ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ဆုရရှိသည့်ဆင်များအား  ဆုကြေးငွေများ ထိုက်တန်စွာ ပေးအပ်ချီမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

သက်မောင်