မူဆယ် အောက်တိုဘာ ၁၁
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့တွင် ဝါလကင်းလွတ် သီတင်းကျွတ်ရက်မြတ်နေ့များ၌ မြိုပေါ်ရပ်ကွက်များ၊ ဘုရားများတွင် အစဉ်အလာမပြတ် ဆီမီးထွန်းညှိပူဇော်ခြင်းများ ပြုလုပ်ခဲ့ကြသည်။
ရှေးစွာ အောက်တိုဘာ(၈)ရက်နေ့နှင့် အောက်တိုဘာ(၉)ရက် သီတင်းကျွတ်လပြည့်နေ့တွင်လည်း လွယ်တိန်ခမ်းတောင်ပေါ် ဘုရားတွင် ဘုရားဖူးပြည်သူများက တာဝတိံသာနတ်ပြည်မှ ကြွဆင်းတော်မူလာသော ဂေါတမဘုရားရှင်အား ပူဇော်သည့်အနေဖြင့် ဘုရားရင်ပြင်တော်တွင် ဓမ္မစင်္ကြာတရားများ ရွတ်ဖတ်ပူဇော်ကြပြီး ဆီမီး(၁၀၀၀) ထွန်းညှိပူဇော်ခြင်း၊ ပန်းများ၊ ရေချမ်းများ ကပ်လှူပူဇော်ခြင်းဖြင့် စုပေါင်းကုသိုလ်ယူဆောင်ရွက်ခဲ့ကြသည်။ ယင်းနောက် သီတင်းကျွတ်လပြည့်ကျော်(၁)ရက်နေ့တွင် မူဆယ်မြို့ပေါ်ရပ်ကွက်အတွင်းရှိ ပြည်သူများက နေအိမ်များတွင်လည်းကောင်း၊ လမ်းများပေါ်တွင်လည်းကောင်း၊ တောင်ပေါ်ဘုရားစေတီ ပုထိုးများတွင်လည်းကောင်း ဆီမီးများထွန်းညှိပူဇော်ခဲ့ကြသည်။ ကျောင်းသား/သူများကလည်း သီတင်းကျွတ် ရုံးပိတ်ရက်များတွင်လည်း မြန်မာ့ရိုးရာ ဓလေ့ထုံးစံနှင့်အညီ လူကြီးမိဘများကို ကန်တော့ခြင်းများဖြင့် မူဆယ်မြို့ထဲတွင် စည်ကားလျက်ရှိကြောင်း သိရသည်။
ချယ်ရီမြေ(မူဆယ်)