မိတ္ထီလာ-တောင်ကြီးကားလမ်းမိုင်တိုင်အမှတ် ၁၆/၅ နှင့် ၁၆/၆ ကြားရှိ တံတားအမှတ် ၄/၁၇ တံတားချဉ်းကပ်လမ်း လမ်းတာဘောင်ရေတိုက်စားမှုဖြစ်ပွား                                                   

သာစည် အောက်တိုဘာ ၁၁

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ် ငှက်မင်းကုန်းကျေးရွာအုပ်စု မိတ္ထီလာ-တောင်ကြီး ကားလမ်းမိုင်တိုင်အမှတ် ၁၆/၅ နှင့် ၁၆/၆ ကြားရှိ တံတားအမှတ် (၄/၁၇) ၁၀ ပေအရှည် ၂၈ ပေ အကျယ် ကျောက်စီကမ်းကပ်ခုံ RC Slab ကြမ်းခင်းတံတားချဉ်းကပ်လမ်း တောင်ကြီးဘက်ခြမ်း လမ်းယာဘက်ရှိ လမ်းတာဘောင် အလျား ၁၅ ပေ အကျယ် ၁၂ ပေ ရေတိုက်စားမှု အောက်တိုဘာ ၁၁ ရက်နံနက် ၆ နာရီခန့်က ဖြစ်ပွားကြောင်းမြို့နယ်လမ်းဦးစီးဌာနမှ သိရသည်။

သာစည်မြို့နယ် ညောင်ရမ်း/မင်းလှကန် ပိုလျှံရေထုတ်လွှတ်မှု၊ ငှက်မင်းကုန်းကန် ရေဝင်မြောင်း ရေလျှံမှု ကုန်းစီးရေဝင်ရောက်မှုနှင့် အောက်တိုဘာ ၁၀ ရက် ညပိုင်းမိုးရွာသွန်းမှုတို့ကြောင့်   ရေတိုက်စားမှုဖြစ်ပွားခြင်း ဖြစ်ကြောင်းသိရသည်။ ရေတိုက်စားမှု ဖြစ်ပွားရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသက်ကျော်နှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုပြီး  သက်ဆိုင်ရာဌာနများနှင့် မီးသတ်တပ်ဖွဲ့ဝင်များက မျောတိုင်၊  ကတ္တရာပြားနှင့် ၆ လက်မ၊ ၉ လက်မ  ကျောက်ကြီးများအသုံးပြု၍ ယာယီမြေထိန်းနံရံတည်ဆောက်နိုင်ရေး၊ ရေစီးလမ်းကြောင်း ကောင်းမွန်စေရေးတို့ကို ကြပ်မတ်ဆောင်ရွက်လျက်ရှိပြီး အဆိုပါရေတိုက်စားမှုကြောင့် လမ်းပိတ်ဆို့မှုမရှိပဲ ယာဉ်များပုံမှန်သွားလာလျက်ရှိကြောင်း သိရသည်။                                                                     

မြို့နယ် (ပြန်/ဆက်)