ကျိုင်းတုံမြို့ မဟာမြတ်မုနိဘုရားကြီး၌ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေ

ကျိုင်းတုံ အောက်တိုဘာ ၁၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးအတွက်  နှာခေါင်းစည်းများ  အခမဲ့ဖြန့်ဝေခြင်းကို အောက်တိုဘာ ၁၁ ရက် နံနက် ၉ နာရီခွဲက ကျိုင်းတုံမြို့ မဟာမြတ်မုနိဘုရားကြီးတွင် တာဝန်ရှိသူများက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ တပ်မတော်သားများ၊ ကြက်ခြေနီတပ်ဖွဲ့များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးဌာန ဝန်ထမ်းများနှင့် ကျန်းမာရေးဝန်ထမ်းများက ကျိုင်းတုံမြို့ လယ်ကျောက်တိုင်တွင်   အပြင်ထွက်သွားလာသူများအား ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေပေးခဲ့ပြီး စနစ်တကျတပ်ဆင်ရန်နှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနည်းလမ်းများကို တိကျစွာလိုက်နာကြရန် အသိပညာပေးပြောကြားခြင်းများ ဆောင်ရွက်ကြောင်း သိရသည်။

အလားတူ ကျိုင်းတုံမြို့နယ်အတွင်း လူစည်ကားရာနေရာများ၊ ဈေးများတွင် အပြင်ထွက်သွားလာသူများအား နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေခြင်းနှင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး ကျန်းမာရေး အသိပညာပေးနှိုးဆော်ခြင်းများကို ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ကျော်စိန်သန်း(ပြန်/ဆက်)