သင်္ဃန်းကျွန်း အောက်တိုဘာ ၁၁
သင်္ဃန်းကျွန်းမြို့နယ်တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့စီစဉ်မှုဖြင့် မြို့နယ်အတွင်းပြည်သူများအတွက် အခြေခံစားသောက်ပစ္စည်းများကို ရောင်းချပေးလျက်ရှိရာ ယနေ့နံနက်(၁၀)နာရီအချိန်တွင် သင်္ဃန်းကျွန်းမြို့နယ်၊ (င/က)ရပ်ကွက်၊ ဦးဘဟန်လမ်းရှိဒေသခံပြည်သူများ သက်သာချောင်ချိစေရေးအတွက် ရပ်ကွက်နေပြည်သူများအား အခြေခံစားသောက်ကုန်များ ဈေးနှုန်းသက်သာစွာ ဆက်လက်ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
ပြည်သူများအား သက်သာသောဈေးနှုန်းဖြင့် အခြေခံစားသောက်ကုန်ပစ္စည်းများ ရောင်းချနေမှုများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အုပ်ချုပ်ရေးအထောက်အကူပြုအဖွဲ့များ၊ ဖွဲ့စည်းထားသော ဌာနဆိုင်ရာအဖွဲ့များပူးပေါင်း၍ ဒေသခံပြည်သူများမည်သူမဆို လွတ်လပ်စွာဝယ်ယူနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ပြည်သူများအား သက်သာသောဈေးနှုန်းဖြင့် အခြေခံစားသောက်ကုန်များ ရောင်းချပေးရာတွင် ဆန်တစ်ပြည်ကျပ် (၁၇၀၀)နှုန်း၊ ဆီတစ်ပိဿာလျှင်(၄၁၅၀)ကျပ်နှုန်း၊ ကြက်ဥတစ်လုံး(၁၇၅)ကျပ်နှုန်းတို့ဖြင့် တစ်အိမ်ထောင်လျှင်ဆန်တစ်ပြည်၊ ဆီ ၂၅ ကျပ်သား၊ ကြက်ဥ ၁၀ လုံးနှုန်းဖြင့် ရောင်းချပေးခဲ့ပြီး ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် ရောင်းချပေးခြင်း၊ Mask Campaign ပြုလုပ်ပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သင်္ဃန်းကျွန်းမြို့နယ်အတွင်းရှိ ရပ်ကွက်များသို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ပြည်သူများအဆင်ပြေစွာဝယ်ယူနိုင်ရန် အလှည့်ကျရောင်းချပေးလျက်ရှိပြီးမည်သူမဆို လွတ်လပ်စွာ ဝယ်ယူနိုင်ကြောင်း သတင်းရရှိသည်။
ကိုဘုန်း(သင်္ဃန်းကျွန်း)