ချောင်းဆုံ အောက်တိုဘာ ၁၁
ပွင့်လင်းရာသီရောက်ရှိလာသည်နှင့်အမျှ မလိုလားအပ်သည့် မီးဘေးပြဿနာများ မဖြစ်ပေါ်စေရေးအတွက် မွန်ပြည်နယ် ချောင်းဆုံမြို့နယ်အတွင်းရှိ စည်ပင်သာယာရေးအဖွဲ့ပိုင် ဈေးများအား မီးဘေးလုံခြုံမှုရှိစေရေး၊ ကြိုတင်ကာကွယ်ရေးအတွက် ပြင်ဆင်ဆောင်ရွက်မှုများကို ယနေ့နံနက်က မြို့နယ်မီးသတ်တပ်ဖွဲ့၊ စည်ပင်သာယာရေးဝန်ထမ်းများနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများက ရွာလွတ်ဈေး အတွင်းမီးဘေးကြိုတင်ကာကွယ်ရေးကွင်းဆင်းစစ်ဆေးခဲ့သည်။
စစ်ဆေးဆောင်ရွက်ရာတွင် ဈေးအတွင်း မလိုလားအပ်သည့် မီးဘေးအန္တရာယ်များမဖြစ်ပွားစေရန်၊ မီးဘေးဖြစ်ပွားလာပါက ကြုံတွေ့နိုင်သည့် ပျက်စီးဆုံးရှုံးမှု လျော့နည်းနိုင်စေရန်၊ ကြိုတင်ဆောင်ရွက်ထားရှိရမည့် မီးသတ်ဆေးဗူးများ၊ မီးချိတ်၊ မီးကပ်နှင့် ရေရရှိနိုင်မည့် ရေစင်(သို့) ရေတွင်းရေကန်များ၊ မီးသတ်ကားဝင်ထွက်သွားလာနိုင်မှုအခြေအနေများကို မြို့နယ်မီးသတ်ဦးစီးမှူးနှင့်အဖွဲ့ဝင်များ၊ စည်ပင် သာယာရေးအဖွဲ့ဝန်ထမ်းများနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများတို့က ကွင်းဆင်းစစ်ဆေးခဲ့ပြီး ဈေးသူဈေးသားများအား မီးဘေးအသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။
ချောင်းဆုံ(ပြန်/ဆက်)