ကာမိုင်းမြို့၌ နှစ်စဉ်ကျင်းပလေ့ရှိသော မြို့လုံးကျွတ်ဆွမ်းဆန်တော် လောင်းလှူပွဲနှင့် အင်းတော်ချောင်းတွင် ဆီမီး (၁၀၀၀) မီးမျှောပူဇော်ပွဲ စည်ကားသိုက်မြိုက်စွာကျင်းပ

မိုးညှင်း အောက်တိုဘာ ၁၁

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ကာမိုင်းမြို့၌ နှစ်စဉ်ကျင်းပလေ့ရှိသော မြို့လုံးကျွတ် ဆွမ်းဆန်တော် လောင်းလှူ ပွဲနှင့် အင်းတော်ချောင်းတွင် ဆီမီး(၁၀၀၀)မီးမျှောပူဇော်ပွဲကို သီတင်းကျွတ်လပြည့်ကျော် (၁) ရက်က စည်ကား သိုက်မြိုက်စွာ ကျင်းပခဲ့သည်။

အဆိုပါ ကျင်းပရာတွင် နှစ်စဉ်အစဉ်အလာမပျက် ရိုးရာယဉ်ကျေးမှုဓေလေ့ကို ထိန်းသိမ်းစောင့်ရှောက်သည့် အနေဖြင့် မြို့အုပ်ချုပ်ရေးမှူး ဦးသန်းထိုက်ဦးဆောင်၍  ဌာနဆိုင်ရာများ၊ မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများမှ ပြည်သူများက မြို့မရပ်ကွက်ရှိ မဟာဝိသုဒ္ဓါရာမကျောင်းတိုက်ရှေ့ လမ်းမကြီးပေါ်တွင် ဆွမ်းဆန်တော် လောင်းလှူပွဲကို ကာမိုင်းတိုက်နယ်အတွင်းရှိ ဆရာတော်ကြီးများ အပါအဝင် သံဃာတော်များနှင့် သီလရှင်များ အား ဆွမ်းဆန်တော်များနှင့် လှူဖွယ်ဝတ္ထုအစုစုတို့ကို ဆက်ကပ်လှူဒါန်းကြပြီး တရား​​ဒေသနာတော်များ နာယူ၍ ရေစက်သွန်းချ အမျှအတန်းများ ပေးဝေခဲ့ကြကြောင်း သိရသည်။

ထို့နောက် ကာမိုင်းမြို့အဝင်ရှိ အင်းတော်ချောင်း၌ ရှင်ဥပဂုတ္ထမထေရ်မြတ် ရုပ်ပွားတော်နှင့် တကွ ဆီမီး(၁၀၀၀) မီးမျှောပူ​ဇော်ပွဲကို မြို့ဌာနဆိုင်ရာများ၊ ဂေါပကအဖွဲ့ဝင်များနှင့် မြို့သူမြို့သားများက အိုးစည်ဗုံမောင်းနှင့် ပျော်ပျော်ရွှင်ရွှင် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။

လဆိုင်း(ပြန်/ဆက်)