မချမ်းဘော့မြို့ (Community Centre) တွင် စာလုံးပေါင်းသတ်ပုံအမှန် ရွေးချယ်ပြိုင်ပွဲနှင့် စာစီစာကုံးပြိုင်ပွဲကျင်းပ

မချမ်းဘော့ အောက်တိုဘာ ၁၁

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့ (Community Centre) ခန်းမ၌ စာလုံးပေါင်း သတ်ပုံအမှန် ရွေးချယ်ပြိုင်ပွဲနှင့် စာစီစာကုံးပြိုင်ပွဲကို ယနေ့ နံနက် ၉ နာရီခွဲက ကျင်းပသည်။

အဆိုပါပြိုင်ပွဲအား ကလေးသူငယ်များ စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်၊ စာကြည့်တိုက် ကို ပိုမိုအသုံးပြုတတ်စေရန်နှင့် ကျောင်းပိတ်ရက်ကို အကျိုးရှိစွာ အသုံးချတတ် စေရန် ရည်ရွယ်၍ ကျင်းပခြင်း ဖြစ်ပြီး ပြိုင်ပွဲတွင် အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက ပါဝင်ယှဉ်ပြိုင်ခဲ့ရာ ပထမ၊ ဒုတိယ၊ တတိယဆု ရရှိသူများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်နီနီလွင်နှင့် ဝန်ထမ်းများ ဆုလက်ဆောင်များ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ဆက်လက်၍ ပြိုင်ပွဲဝင်ကျောင်းသား၊ ကျောင်းသူများက ခင်းကျင်းပြသထားသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး နံရံကပ်စာစောင်များနှင့် သုတရသစာအုပ်စာစောင်များအား စိတ်ဝင်တစား ဖတ်ရှုလေ့လာခဲ့ ကြောင်း သိရသည်။

ယောရွှေနီ(မချမ်းဘော့)