မွန်ပြည်နယ် အစိုးရအဖွဲ့ဝင်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ကျိုက်ထိုမြို့ရှိ အသွားအလာ ကန့်သတ်စောင့်ကြည့်နေရာသို့ လာရောက်ကြည့်ရှု

ကျိုက်ထို   စက်တင်ဘာ    ၁၇

 

မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေထွဋ်ဦးနှင့် အဖွဲ့သည် ကျိုက်ထိုမြို့နယ်အတွင်း ဖွင့်လှစ်ထားသည့် အသွားအလာ ကန့်သတ် စောင့်ကြည့် နေရာများသို့ ယမန်နေ့ ညနေ ၄ နာရီခွဲတွင် လာရောက်ကြည့်ရှု၍ လိုအပ်သည်များ ကို မှာကြားခဲ့သည်။

ဝန်ကြီးနှင့်အဖွဲ့သည် ကျိုက်ထိုမြို့နယ် အခြေခံပညာအထက်တန်းကျောင်း (ရွှေဥဩ)၌ ဖွင့်လှစ်ထားသည့် CBFQစခန်းသို့ရောက်ရှိကာ မြို့နယ်ကိုဗစ်‌ ကော်မတီဥက္ကဋ္ဌ မြိုနယ် အုပ်ချုပ်ရေးမှူး ဦးရဲ၀င်းထိုက်နှင့်အဖွဲ့၀င်များအား တွေ့ဆုံပြီး Covid-19ကူးစက် ရောဂါပိုး တွေ့ရှိလူနာမှာတစ်နေ့တစ်ခြား ပိုမိုတိုးပွားလာသည့်အတွက် အထူးဂရုစိုက် ကာကွယ်ရေး၊ CBFQ စခန်းသို့ရောက်ရှိနေသူများအတွက် ရေ၊ မီး၊ သန့်စင်ခန်းများကို စနစ်တကျထားရှိရေး၊ စားသောက်ရေးကိစ္စများတွင်လည်း တတ်နိုင်သည့်ဘက်မှ ကူညီထောက်ပံ့ရေးတို့ကို မှာကြားပြီး Covid-19 ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး ကော်မတီအ‌နေဖြင့် မိမိကိုယ်ကို ရောဂါကူးစက်မှုမရှိစေရေးအတွက် ဂရုပြုရန်၊ Positive လူနာများအား ကျိုက်ထိုမြို့မှ မော်လမြိုင် ဆေးရုံကြီးသို့ပို့ဆောင်ရာတွင် လူမှုကူညီရေး အသင်းအဖွဲ့များအနေဖြင့် (၂)ဦးသာ လိုက်ပါပို့ဆောင်ရန် Lock Down စနစ် ပြုလုပ်ရာတွင်ကျန်းမာရေးဦးစီးဌာနအနေဖြင့် မည်သူ့ကိုမှငဲ့ညှာရန်မလိုဘဲ ပြတ်သားစွာဆောင်ရွက်ရမည် ဖြစ်ကြောင်း ဆွေးနွေးမှာကြား ခဲ့သည်။

ဆက်လက်၍ ကျိုက်ထိုမြို့နယ်၊ မုပ္ပလင်ကျေးရွာ စစ်တောင်းတံတား (သစ်/ဟောင်း) လမ်းဆုံရှိ COVID-19 ကူးစက်ရောဂါ စစ်ဆေးရေးဂိတ်သို့ သွားရောက်ကာ ယင်းဂိတ်တွင် ပဲခူးတိုင်း ဒေသကြီးဝေါမြို့ နယ်ဘက်မှ  စစ်တောင်းတံတား (မုပ္ပလင်)ကို ဖြတ်သန်း ရောက်ရှိလာသည့် မော်တော်ယာဉ်များအား စစ်ဆေးနေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေး၍ ဂိတ်တာဝန် ရှိသူများနှင့် တွေ့ဆုံမေးမြန်းကာ လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

ဝင်းမောင်(ကျိုက်ထို)