နောင်ချို စက်တင်ဘာလ ၁၇
၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ (၈) ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ရပ်ကွက်၊ ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဆင့်ပွားသင်တန်း ကို နောင်ချိုမြို့နယ်ခန်းမ၌ စက်တင်ဘာလ (၁၅) ရက်နေ့မှ စတင်ပို့ချလျက်ရှိပြီး ယနေ့နံနက် (၉)နာရီအချိန် က ဆက်လက်ပို့ချလျက်ရှိကြောင်း သိရသည်။
အဆိုပါ ဆင့်ပွားသင်တန်းကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ တစ်ရက်လျှင်ရပ်ကွက်၊ ကျေးရွာအုပ်စု (၁၀) စုမှ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင် စုစုပေါင်း ၃၀ ဦးဖြင့် ဖွင့်လှစ် ဆောင်ရွက်လျက် ရှိပါသည်။ သင်တန်းတွင် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ထုတ်ဝေသည့် စွမ်းရည်မြှင့်သင်တန်းစာအုပ်ပါ သင်ခန်းစာများအား ပို့ချဆွေးနွေးခဲ့ပြီး ရပ်ကွက်၊ ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဝင်များမှ ရွေးကောက်ပွဲမတိုင်ခင်နှင့် ရွေးကောက်ပွဲကာလတွင် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို သိရှိနားလည် သဘောပေါက်စေရန် ရည်ရွယ်၍ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း သိရသည်။
နောင်ချိုမြို့နယ်အနေဖြင့် ရပ်ကွက်၊ ကျေးရွာအုပ်စု (၄၁) အုပ်စုရှိပြီး သင်တန်းတစ်ကြိမ်လျှင် (၁၀) အုပ်စုနှုန်း ဖြင့် သင်တန်း (၄) ကြိမ် ပို့ချလျက်ရှိကြောင်း သိရသည်။
ထွေးငယ် (နောင်ချို၊ပြန်/ဆက်)