မိုင်းဆတ်မြို့၌ စာဖတ်ဝိုင်းကျင်းပ

မိုင်းဆတ် အောက်တိုဘာ ၁၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၊  ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌  စာအုပ်စာပေချစ်မြတ်နိုးသူများအသင်း (Book Club) နှင့် ပူးပေါင်း၍ ယနေ့နံနက်(၉)နာရီခွဲက စာရေးဆရာအောင်ကိုဦး (UMK)၏ “လူငယ်တွေကိုလမ်းဖွင့်ပေးပါ” စာအုပ်ဖြင့် လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ စာဖတ်ဝိုင်းတွင် ခရိုင်ဦးစီးအရာရှိ ဒေါ်စန်းစန်းယဉ်က “လူငယ်တွေကိုလမ်းဖွင့်ပေးပါ” စာအုပ်ထဲမှ အားနည်းချက်၊ အားသာချက် ခေါင်းစဉ်ဖြင့် လူတိုင်းမှာ ကိုယ်စီ၊ ကိုယ်စီ အားနည်းချက်များ တစ်မျိုးမဟုတ်၊ တစ်မျိုးရှိတတ်ကြောင်း၊ အားနည်းချက်သည် စိတ်ဓာတ်ကျ အားငယ်နေရမည့် အရာမဟုတ်ကြောင်း၊ ယင်းအားနည်းချက်ကို အကောင်းဆုံးအသုံးချနိုင်ပါက အကြီးမားဆုံး အားသာချက်ဖြစ်လာနိုင်ကြောင်း၊ ဆက်လက်၍ (Book Club) အသင်းဝင် ဦးပြည့်ဖြိုးဦးက အရှုံးမပေးပါနဲ့ ခေါင်းစဉ်ဖြင့် လူတိုင်းဘဝမှာ အကြိမ်ပေါင်းများစွာ ပြုတ်ကျကာကြေမွနိုင်ကြောင်း၊ ဘယ်လိုဘဲပြုတ်ကျ၊ ကြေမွပါစေ မိမိ၏တန်ဖိုးကို မမဲ့စေသင့်ကြောင်း၊ မိမိမှာ ဘယ်လိုတန်ဖိုးတွေရှိသင့်သလဲဆိုရင် ရိုးသားမှု၊ စာနာနားလည်တတ်မှု၊ တရားမျှတမှု၊ ဉာဏ်ပညာကြီးမားမှု၊ ခေါင်းဆောင်နိုင်မှု၊ ပေးကမ်းစွန့်ကြဲနိုင်မှု၊ ရဲရင့်မှုနှင့် စွန့်လွှတ်အနစ်နာခံနိုင်မှုစသည့် လောကပါလတရားများထဲမှ ကိုယ့်ရဲ့တန်ဖိုးကို ဘယ်လိုသတ်မှတ်သင့်လဲဆိုပြီး အလေးအနက်ထား စဉ်းစားသင့်ကြောင်း စသည်တို့ကို ဆွေးနွေးခဲ့ကြသည်။

ထို့နောက် တက်ရောက်လာသည့် စာပေချစ်မြတ်နိုးသူများက မိမိတို့နားလည်သဘောပေါက်သည့် သဘောတရားများကို ပြန်လည်ဆွေးနွေးခဲ့ကြပြီး သိရှိလိုသည်များ မေးမြန်းကြရာ ဦးဆောင်ဆွေးနွေးကြသူများက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

မြင့်မောင်(ပြန်/ဆက်)