နမ့်ဆန် အောက်တိုဘာလ ၁၁
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်၊ ဇယ်ဘန်ကောက်ကျေးရွာကျောင်းတိုက်၌ သီတင်းကျွတ်လဆုတ်(၁)ရက်နေ့တွင် သီလဆောက်တည်သူများ၊ စတုဒိသာကျွေးမွေးလှူဒါန်းမှုများ ကျောင်းတိုက်တွင် ပန်း၊ ရေချမ်း၊ ဆီမီး ဆက်ကပ် လှူဒါန်းသူများဖြင့်စည်ကားလျက်ရှိကြောင်း သိရသည်။
၁၃၈၄ ခုနှစ် သီတင်းကျွတ်လဆုတ်(၁)နေ့ နံနက်ပိုင်းကဘုန်းတော်ကြီးကျောင်းများတွင် ဗုဒ္ဓမြတ်စွာဘုရားထံဆွမ်းတော်၊ ပန်း၊ ရေချမ်း၊ ဆီမီးတို့ကို ကပ်လှူပူဇော်ပြီး သံဃာတော် အရှင်သူမြတ်တို့အား ဆွမ်း၊ ဘော်ဇဉ် ခဲဘွယ် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆပ်ကပ်ပူဇော်လှူဒါန်းခြင်း သီလခံယူဆောက်တည်ကြပြီး လာရောက်လှူဒါန်းသည့် မိဘပြည်သူများအား ထမင်း၊ ဝက်သားဟင်း၊ ပုစွန်ခြောက်ဘလချောင်ကြော် ကျွေးမွေးခဲ့သည်။
ထို့နောက် ဒေသရိုးရာဓလေ့ထုံးတမ်း အစဉ်အလာနှင့်အညီ လူကြီးမိဘတို့ကိုကန်တော့ခြင်း ရပ်ကွက်ဘုန်းကြီးကျောင်းများတွင် ဆီမီးပူဇော်ကြသဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
နမ့်ဆန်ဒေသ(ပြန်/ဆက်)